Wednesday, 9 May 2012

လက်တစ်ကမ်းအလိုက ချန်ပီယံလိဂ်ဖလား~ ချယ်လ်ဆီး vs ဘိုင်ယန်


UEFA အတွင်းရေးမှုး ဂီယန်နီ အင်ဖန်တီနိုနှင့် ပေါဘရိတ်တီနာတို့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်မဲခွဲပြီး သကာလမှာတော့ ဘောလုံးကျွှမ်းကျင်သူတွေ အများစုက ယခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ် ၂၀၁၂ဟာ All Spanish Final ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်တို့ တွေ့ဆုံတောမယ်လို့ မဆိုင်းမတွ ခန့်မှန်းခဲ့ကြပါသည်။
ဘောလုံးဆိုသည့် အားကစားနည်းစတင်ပေါ်ပေါက်လာပြီးတည်းက ကြိုတင်ခန့်မှန်းလို့မရသည့် သဘာဝရှိခြင်းကို ကျေးဇူးတင်ရပါမည်။ အေပိုးလ်လိုအသင်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ရောက်ရှိခြင်း၊ US Quevilly လိုအသင်းမျိုး ပြင်သစ် Coupe De France ဖိုင်နယ်သို့ ရောက်ရှိခြင်းတို့ဟာ မခန့်မှန်းနိုင်တဲ့ သဘာဝကို ပြသလျက်ရှိပါသည်။

ဆီမီးဖိုင်နယ်ပွဲစဉ်တွေ ထွက်ပေါ်လာပြီးနောက် ရီးယဲလ်နှင့် ဘာစီလိုနာတို့နှင့် တွေ့ဆုံမည့် ချယ်လ်ဆီးနှင့် ဘိုင်ယန်မြူးနစ်ဟာ အားအနည်းဆုံး ဖြစ်လာခဲ့ပါတယ်။ မည်သူကမှ ဒီနှစ်သင်း ဗိုလ်လုပွဲမှာ တွေ့ဆုံနိုင်သည်ဟု ထင်ကြေးမပေးခဲ့ကြပါဘူး။ ဒါပေမယ့် သူတို့နှစ်သင်းဟာ တိုက်ခိုက်မှုစွမ်းရည်ကို ပြသပြီး ဥရောပအင်အားကြီး ကလပ်၂သင်းဖြစ်သည့် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်ကို ကျော်ဖြတ်ကာ ယခုဆိုလျင် မေလ၁၉ရက်၌ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကို ယှဉ်ပြိုင်ကစားရတော့မှာပါ။ ဒီနှစ်သင်းလုံးဟာ သက်ဆိုင်ရာ လိဂ်အသီးသီးမှာ ရုန်းကန်နေရပြီး ဒီလို ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်လာနိုင်မည်ဟု ဘယ်သူကမှ တစ်မပေးခဲ့ကြတာဖြစ်ပါသည်။

ယခင် ၂၀၀၅ခုနှစ် ဒီ၂သင်းတွေ့ဆုံခဲ့စဉ်က ချယ်လ်ဆီးအသင်းဟာ ၂ပွဲပေါင် ၆-၅ဖြင့် ဘိုင်ယန်မြူးနစ်ကို အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါသည်။ အဆိုပါအချိန်က ချယ်လ်ဆီးအသင်းသည် မော်ရင်ဟိုလက်အောက်၌ အတောက်ပဆုံး အချိန်တွေဖြစ်ခဲ့ပြီး ယခုအချိန်မှာ ယခင်ကလောက် အင့်အားမကောင်းတော့တာ အမှန်ပါ။ ဒါပေမယ့် ခန့်မှန်းလို့မရသည့် ဘောလုံးလောကမှာ ချယ်လ်ဆီး ချန်ပီယံမဖြစ်နိုင်ဟု သေချာပေါက်ပြောလို့မရသေးပါ။
ယာယီနည်းပြ ဒီမက်တီယိုအနေဖြင့် ပူပူနွေးနွေး အက်ဖ်အေဖလားကို ရရှိထားပြီး ဘိုင်ယန်မြူးနစ်ကတော့ ဂျာမန်လိဂ် DFB Cup ဖိုင်နယ်အဖြစ် လာမည့် အပတ်မှာ ဒေါ့မွန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမှာပါ။ ချယ်လ်ဆီးကတော့ ပရီးမီးယားလိဂ်မှာ ချန်ပီယ့လိဂ်ဝင်ခွင့် ဆုံးရှုံးပြီးနောက် လာမည့်အပတ် ဘလက်ဘန်းနှင့်ပွဲကို ဖိအားကင်းကင်းနှင့်း ကစားနိုင်မှာဖြစ်လို့ ဘိုင်ယန်ထက် ပိုပြီးလန်းဆန်းနေမှာပါ။ ချယ်လ်ဆီးသက်ကြီးကစားသမားတွေဖြစ်သည့် ဒရော့ဘာ၊ လမ်းပတ်၊ တယ်ရီတို့အဖို့ ဒီချန်ပီယံလိဂ်ဖိုင်နယ်ဟာ သူတို့အတွက် အရေးပါဆုံး နောက်ဆုံးဖလားဖြစ်လာနိုင်ပြီး နောက်တစ်ကြိမ် ဒီလိုအခွင့်အရေးရဖို့ မလွယ်တော့တာဖြစ်တာကြောင့် သူတို့ရဲ့ ရှိသမျှ အစွမ်းကို ထုတ်ဖော်ပြသပြီး အရယူဖို့ ကြိုးစားပါလိမ့်မယ်။ ထို့ပြင် ချယ်လ်ဆီးအနေနဲ့ ဒီဖလားရရှိမှသာ နောက်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှာဖြစ်တာကြောင့် ရေကုန်ရေခမ်း ကြိုးစားဖို့ လိုအပ်နေပါသည်။


ပွဲပယ်ခံထားရသူများ
ချယ်လ်ဆီး – အီဗန်နိုဗစ်၊ တယ်ရီ၊ ရာမီယက်စ်နှင့် မီရာလက်စ်
ဘိုင်ယန်မြူးနစ် – ဂူစတာဗို၊ အလာဘာ၊ ဘတ်စတူဘား
UEFA ရဲ့နည်းစနစ်များကြောင့် ကမ္ဘာ့အကောင်းဆုံးပြိုင်ပွဲဖြစ်တဲ့ ဒီလိုချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ နှစ်ဘက်အသင်းများဟာ အင်ပြည့်အားပြည့် မကစားနိုင်တာ စိတ်ပျက်စရာပါ။ ဘောလုံးသမားတွေရဲ့ ကစားသမားသက်တမ်းတစ်လျှောက်မှာ ဒီလို ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက်ပြီးမှ မကစားရတာ စိတ်မကောင်းစရာပါ။ ထို့အတူ တစ်ကမ္ဘာလုံးစောင့်ကြည့်နေတဲ့ ဒီလိုပွဲမှာ ပြိုင်ဘက်နှစ်သင်း လူစုံပြည့် အင့်အားပြည့်ကစားတာကို ကြည့်ချင်ကြမှာ အမှန်ပါ။ FIFPro အဖွဲ့ကလည်း အ၀ါကဒ်ထိထားပြီး ပွဲပယ်ခံထားရသည့် ကစားသမားများ၏ ပွဲပယ်ပြစ်ဒဏ်အား ပယ်ဖျက်ပေးရန် အသနားခံမှုကိုလည်း ပလာတီနီနှင့် သူ့၏ လုပ်ဖော်ကိုင်ဖက်များက ပယ်ချခဲ့ပါသည်။
ဒီလိုပွဲပယ်ခံရမှုကြောင့် နှစ်သင်းလုံး၏ နောက်တန်းမှာ အားနည်းချက်တွေ ဖြစ်ပေါ်ခဲ့ပြီး ချယ်လ်ဆီးအနေနဲ့ အသင်းခေါင်းဆောင် တယ်ရီ တိုက်ရိုက်အနီကဒ်ကြောင့် မပါဝင်နိုင်တာ ပိုမိုထိခိုက်နစ်နာစရာဖြစ်သည်။ ချယ်လ်ဆီးအသင်းတွင် အဓိကအရေးပါသည့် ဂိုးတွေ သွင်းယူပေးနေသည့် ရာမီယက်စ်မပါဝင်ခြင်းဟာလည်း အသင်းအတွက် ထိုးနက်ချက်ဖြစ်သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ရီးယဲလ်မက်ဒရစ်ကို ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်စဉ်ကာလက ဂူစတာဗိုနှင့် အလာဘာတို့နှစ်ယောက်ဟာ ရီးယဲလ်မှ အိုဇေးနှင့် ရိုနယ်ဒိုတို့၏ တိုက်စစ်ကို အကောင်းဆုံး ဟန့်တားနိုင်ခဲ့ပါသည်။ အထူးသဖြင့် ဂူစတာဗိုဟာ ဒုတိယအကျော့ ဘာနေဗျူး၌ ကွင်းလယ်အဖျက်မှ နေ၍ အကောင်းဆုံးကစားသွားနိုင်ခဲ့ပြီး ရီးယဲလ်တိုက်စစ်ကို အကောင်းဆုံး ဟန့်တားနိုင်ခဲ့ပါသည်။ ဒါပေမယ့် သူတို့နှစ်ယောက်လုံးဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်သလို ဗဟိုနောက်ခံလူ ဘတ်စတူဘားဟာလည်း မပါဝင်နိုင်တာကြောင့် ခံစစ်အားနည်းချက်တွေ ရှိနေပါသည်။
ချန်ပီယံလိဂ်သုံးသပ်ချက်
PG = Per Game(တစ်ပွဲချင်း)။ အထက်ပါအချက်အလက်များမှာ ချန်ပီယံလိဂ်အုပ်စုပွဲနှင့် ရှုံးထွက်အဆင့် ကစားခဲ့သည့် ပွဲစဉ်များပေါ်အခြေခံထားခြင်းဖြစ်သည်။
လက်ရှိ ချန်ပီယံလိဂ်တောက်လျှောက်ကစားခဲ့သည့် ပွဲစဉ်များအရ ဘိုင်ယန်မြူးနစ်သည် ဘောလုံးပိုင်ဆိုင်မှုတွင် ချယ်လ်ဆီးထက် ပိုမိုသာလွန်နေပြီး ဘောလုံးအပေးအယူတိကျမှုတွင်လည်း ချယ်လ်ဆီးထက်သာလွန်လျက်ရှိသည်။ တစ်ပွဲချင်း ပျမ်းမျှ ကန်သွင်းမှုတွင် မတိန်းမယိန်းရှိနေပြီး ချယ်လ်ဆီးအသင်းကတော့ တစ်ဘက်အသင်း ဂိုးပေါက်ကန်သွင်းယူမှုအား ဘိုင်ယန်မြူးနစ်ထက် ပိုမိုခွင့်ပြုခဲ့သည်ကို တွေ့ရသည်။ နှစ်သင်းလုံးဟာ ဘယ်တောင်ပံမှသာ အဓိက ထိုးဖောက်ခဲ့သည်ကို တွေ့ရပြီး ချယ်လ်ဆီးညာနောက်ခံလူ ဘော့ဆင်ဝါအနေနှင့် ရုန်းကန်ရနိုင်သလို ဘိုင်ယန်ဘက်မှ အလာဘာအစားဝင်ကစားမည့် ရာဖင်ဟာလည်း ရုန်းကန်ရဖွယ်ရှိသည်။( အလာဘာ ပွဲပယ်ကြောင့် ညာနောက်ခံလူ ဖိလစ်လမ်းဟာ ဘယ်နောက်ခံကို ပြောင်းကစားမှာဖြစ်ပြီး အရန်ညာနောက်ခံလူ ရာဖင်ဟိုကတော့ ဖိလစ်လမ်း၏နေရာ ညာနောက်ခံတွင် ပါဝင်ကစားဖွယ်ရှိသည်။)
နည်းစနစ်ပိုင်း သုံးသပ်ချက်
ချယ်လ်ဆီးနှင့် ဘိုင်ယန်မြူးနစ် နှစ်သင်းလုံးဟာ ချန်ပီယံလိဂ် ပွဲစဉ်တော်တော်များများတွင် ၄-၂-၃-၁ ကို အသုံးပြုခဲ့ကြပြီး ချယ်လ်ဆီးအသင်းကတော့ ဘာစီလိုနာနှင့်ပွဲမှာ ခံစစ်အသားပေး ၄-၅-၁ ကို အသုံးပြုခဲ့ပါသည်။
ချယ်လ်ဆီးအသင်းအနေဖြင့် ကာဟေးနှင့် လူးဝစ်စ် ဒဏ်ရာမှ သက်သာလာခြင်းကို စောင့်မျှော်ရမှာဖြစ်ပြီး နောက်ဆုံးသတင်းများအရ သူတို့နှစ်ယောက်လုံးဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင် သက်သာလာဖွယ်ရှိသည်ဟု သိရပါသည်။ ထို့ကြောင့် ချယ်လ်ဆီးနောက်ခံလူ၎ယောက်တွင် ဘော့စင်ဝါ၊ ကာဟေး၊ လူးဝစ်နှင့် ကိုးလ်တို့ပါဝင်လာမှာဖြစ်ပြီး ရာမီယက်စ်ပွဲပယ်ကြောင့် အသင်း၏ ညာတောင်ပံအား စတာရစ်ခ်ျ(သို့မဟုတ်) တောရက်စ် အသုံးပြုဖွယ်ရှိပါသည်။ ရာမီယက်စ်ပွဲပယ်သည် ချယ်လ်ဆီးအတွက် ကြီးမားသည့် ထိုးနက်ချက်ဖြစ်ပြီး ဘိုင်ယန်မြူးနစ်မှ ဘယ်နောက်ခံလူ အလာဘာ၊ ဘယ်အတွင်းနောက်ခံလူ ဘတ်စတူဘား၊ ကွင်းလယ်အဖျက်(ဘယ်အားသန်)သူ ဂူစတာဗိုတို့ မပါဝင်တာကြောင့် ဘိုင်ယန်၏ ဘယ်အခြမ်းမှာ အားနည်းနေပြီး ရာမီယက်စ်သာ ပါဝင်ခဲ့လျင် ညာတောင်ပံတိုက်စစ်မှ ဘိုင်ယန်အား ဖိအားပေးနိုင်မှာဖြစ်ပါသည်။
ဒီမက်တီယိုအနေဖြင့် စတာရစ်ခ်ျအား ညာတောင်ပံအဖြစ် အသုံးပြုဖို့များပြီး သူ၏ လျင်မြန်မှုကို အားကိုးကာ နောက်တန်းအား အလုပ်ရှုပ်အောင် ပြုလုပ်ဖွယ်ရှိသည်။ သို့ပေမယ့် စတာရစ်ခ်ျ၏ တကိုယ်ကောင်းဆန်မှု၊ အတွေ့အကြုံမရှိမှုတို့ကြောင့် သူ့အား ညာတောင်ပံအဖြစ် သုံးသင့်လားဆိုတာ ဒီမက်တီိယိုအနေဖြင့် မေးခွန်းထုတ်ဖွယ်ရှိသည်။ တောရက်စ်၏ တကိုယ်ကောင်းမဆန်မှု၊ ပရောဖက်ရှင်နယ်ဆန်မှုတို့ကြောင့် ညာတောင်ပံအဖြစ် အသုံးပြုနိုင်ပေမယ့် သူမကျွှမ်းကျင်သည့်ညာတောင်ပံနေရာမှာ ကစားနိုင်မှာလားဆိုတာလည်း ခေါင်းခဲစရာဖြစ်သည်။

ချယ်လ်ဆီးအသင်း၏ ဖြစ်နိုင်ဖွယ် လူစာရင်း(၄-၂-၃-၁) – ဆက်ခ်ျ၊ ကာဟေး၊ လူးဝစ်စ်၊ ကိုးလ်၊ ဘော့ဆင်ဝါ၊ မီခေးလ်၊ လမ်းပတ်၊ မာတာ၊ ကာလူး၊ စတာရစ်ခ်ျ၊ ဒရော့ဘာ
ဘိုင်ယန်မြူးနစ်အသင်း၏ လူစာရင်းကို ကြည့်ပါက နောက်ခံဘယ်အစွန်လူ အလဘာပွဲပယ်ကြောင့် အသင်းခေါင်းဆောင် ဖိလစ်လမ်းဟာ နောက်တန်းဘယ်တောင်ပံသို့ ပြောင်းကစားမှာဖြစ်ပြီး သူ့နေရာကိုတော့ ရာဖင်ဟာက ၀င်ကစားမှာဖြစ်ပါသည်။ ဗဟိုနောက်ခံလူ ဘတ်စတူဘားပွဲပယ်ခံထားရသလို အသင်း၏ အဓိကဗဟိုနောက်ခံလူ ဗန်ဘိုင်တန်သည်လည်း ဒဏ်ရာရနေတာကြောင့် ဘိုင်ယန်အနေဖြင့် နောက်တန်းအားနည်းလျက်ရှိသည်။
ဘိုင်ယန်မြူးနစ်အသင်းမှာ ရွေးစရာ၂မျိုးရှိသည်။
၁) ဗန်ဘိုင်တန်သာ အချိန်မှီ ဒဏ်ရာက သက်သာလာခဲ့လျင် နောက်ခံဗဟိုလူအတွက် ဘိုတန်၊ ဗန်ဘိုင်တန်ကို ထားကစားမှာဖြစ်ပြီး ကွင်းလယ်အဖျက် တီမို့စ်ချော့နှင့် ရှဝိန်းစတိုင်ဂါတို့က holding midfielder အဖြစ်ကစားကြမှာပါ။ ဂူစတာဗိုမပါဝင်တာကြောင့် တီမို့စ်ချော့သည် ကွင်းလယ်အဖျက်နေရာမှ သေချာပေါက် ပထမလူစာရင်း ပါဝင်လာမှာဖြစ်ပြီး တိုနီကရိုစ်ကတော့ ရီးယဲလ်နဲ့ပွဲကအတိုင်း Play Maker အဖြစ် ဆက်လက်ကစားမှာဖြစ်သည်။

ဗန်ဘိုင်တန် ဒဏ်ရာသက်သာလာပါက ဖြစ်နိုင်ဖွယ်လူစာရင်း

၂) ဗန်ဘိုင်တန်သာ အချိန်မှိ ဒဏ်ရာမှ မသက်သာလာပါက ကွင်းလယ်အဖျက် တီမို့စ်ချော့ဟာ ဗဟိုနောက်ခံလူနေရာကို ဆင်းကစားရမှာဖြစ်ပြီး ကွင်းလယ်အဖျက်နေရာမှာတော့ ရှဝိန်းစတိုင်ဂါနှင့် တိုနီကရိုစ်တို့ ကစားမှာပါ။ Play Maker နေရာကိုတော့ သောမတ်မူလာအား ရွေးချယ်ဖွယ်ရှိပါသည်။
ဗန်ဘိုင်တန် ဒဏ်ရာမသက်သာလာပါက ဖြစ်နိုင်ဖွယ်လူစာရင်း

ဘိုင်ယန်မြူးနစ်နည်းပြကတော့ ဗန်ဘိုင်တန် အချိန်မှီသက်သာလာဖို့ ဆုတောင်းရမှာဖြစ်ပြီး အဆိုပါကစားသမား၏ အတွေ့အကြုံကြောင့် ကိုယ်ကာယ အသားပေးကစားသည့် ဒရော့ဘာအား ထိန်းချူပ်နိုင်မည်ဟု မျှော်လင့်လျက်ရှိပါသည်။ ထို့ပြင် တီမိုစ်ချော့အနေဖြင့် ကွင်းလျယ်အဖျက်နေရာ၌ ကစားနိုင်မှာဖြင့်ပြီး သူ၏ အဖျက်ကစားအားဟာ တိုနီကရို့စ်နှင့် ရှဝိန်းစတိုင်ဂါတို့ထက်သာလွန်တာကြောင့် ပိုမိုအဆင်ပြေဖွယ်ရှိပါသည်။ ဗန်ဘိုင်တန်သာ မပါဝင်လာပါက ဘိုင်ယန်အတွက် ခေါင်းခဲစရာဖြစ်ပြီး ကွင်းလယ်အဖျက်အားနည်းသွားမှာဖြစ်ပါသည်။
ဘိုင်ယန်မြူးနစ်ဖြစ်နိုင်ဖွယ်လူစာရင်း(၄-၂-၃-၁) – နူအာ၊ ရာဖင်ဟာ၊ ဘိုတန်၊ ဗန်ဘိုင်တန်၊ လမ်း၊ တီမိုစ့်ချော့၊ ရှဝိန်းစတိုင်ဂါ၊ ရီဘာရီ၊ ကရို့စ်၊ ရောဘင်၊ ဂိုမက်စ်
Key Tactical Battle
  • ဘိုင်ယန်အသင်းသည် ကမ္ဘာ့အကောင်းဆုံးတောင်ပံနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး တောင်ပံမှတစ်ဆင့် အတွင်းသို့ဝင်ရောက်ပြီး ကစားလေ့ရှိသည်။ သူတို့ဟာ တောင်ပံကို အားပြုပြီး တစ်ဘက်နောက်ခံအစွန်လူတွေ ရှေ့မတက်နိုင်အောင်ဖိအားပေး ကစားလေ့ရှိပြီး အတွင်းသို့ဝင်ရောက်မှုကြောင့် နောက်တန်းနှင့် အလယ်တန်း ချိတ်မဆက်နိုင်အောင် ကစားလေ့ရှိသည်။ ချယ်လ်ဆီးဘက်မှ မီခေးလ်နှင့် လမ်းပတ်တို့၏ အစွမ်းကို ကြည့်ရှုရမှာဖြစ်ပြီး သူတို့နှစ်ယောက်ဟာ တစ်ဘက်တောင်ပံတွေကို ထိန်းချူပ်ပြီး ရှေ့၊လယ်၊နောက် ချိတ်ဆက်နိုင်အောင် ပြုလုပ်ရမှာဖြစ်သည်။
  • ဘိုင်ယန်နောက်တန်းအစွန်မှ ရာဖင်ဟာသည် ရှေ့ကို အလွန်အကျွှံတက်ကစားလေ့ရှိသော ကစားသမားဖြစ်ပြီး ကာလူး(သို့မဟုတ်) စတာရစ်ခ်ျဟာ ကိုးလ်နှင့် ဘော့စင်ဝါကို ဆင်းကူကစားရမှာဖြစ်သည်။ ထို့ပြင် တစ်ဘက်မှ အလွန်အကျွှံရှေ့တက်မှုအား အခွင့်ကောင်းယူကာ တန်ပြန်တိုက်စစ်အား လျင်လျင်မြန်မြန်ဖြင့် ထိုးဖောက်နိုင်ရမှာဖြစ်သည်။ စတာရစ်ခ်ျသည် ရာမီယက်စ်လောက် နောက်ကို ဆင်းမကူနိုင်သလို၊ တောရက်စ်ထားကစားလျင်လည်း တူတူပဲဖြစ်သည်။ ထို့ကြောင့် ချယ်လ်ဆီးအနေနဲ့ ရာမီယက်စ်ကို အလွန်ပင် တမ်းတမိမှာဖြစ်သည်။
  • ဘိုင်ယန်အသင်းသည် အလာဘာ၊ ဂူစတာဗိုနှင့် ဘတ်စတူဘားတို့ဆုံးရှုံးမှုကြောင့် ဘယ်နောက်ခံတစ်ခုလုံးအားနည်းနေမှာဖြစ်ပြီး ကွင်းလယ်အဖျက်ကလည်း အားနည်းနေမှာဖြစ်သည်။ ဘိုင်ယန်ကို ထိုးဖောက်ရန် မာတာ၏ အခန်းကဏ္ဏမှာ ဒီနေရာ၌ အရေးကြီးလာပြီဖြစ်ပြီး ကွင်းလယ်တိုက်စစ်မှနေ၍ free role ဖြင့်ကစားကာ သူတို့၏ အားနည်းသော ကွင်းလယ်အဖျက်နှင့် နောက်ခံအစွန်လူတွေမှတစ်ဆင့် ထိုးဖောက်ရန်ဖြစ်သည်။
  • ကမ္ဘာ့တိုက်စစ်အကောင်းဆုံး ဘာစီလိုနာပင် မထိုးဖောက်နိုင်သော ချယ်လ်ဆီးနောက်တန်းအား ဘိုင်ယန်မြူးနစ်အနေဖြင့် ထိုးဖောက်ရန် ထင်သလောက် မလွယ်ကူပေ။ ဒါပေမယ့် ချယ်လ်ဆီးအနေဖြင့် ဘိုင်ယန်မြူးနစ်မှာ Plan B ရှိတာကို သတိထားကစားသင့်သည်။ ဘာစီလိုနာအသင်းသည် ဘောလုံးပိုင်ဆိုင်မှုကိုအသားပေးပြီး ထိုးဖောက်တာမှန်ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းမှာတော့ တိုက်စစ်မှုး ဂိုးမက်စ်ရှိနေသေးသည်။ သူသည် လေထဲတွင် ကစားရာ၌ထူးချွှန်ပြီး ခေါင်းတိုက်ဂိုးများလည်း သွင်းယူတက်သည်။ ထို့အတူ ဘိုင်ယန်မြူးနစ်သည်လည်း ကိုယ်ကာယအသားပေးကစားသည့် ဒရော့ဘာအား မနဲထိန်းရမည်ဖြစ်သည်။ ဒရော့ဘာ၏ တိုးအား၊ အတွေ့အကြုံတို့ကြောင့် အားနည်းနေသည့် ဘိုင်ယန်အား ဂိုးသွင်းရန် မခက်လှပေ။ ဒရော့ဘာအနေဖြင့် အကောင်းဆုံးခြေစွမ်းရနေဖို့တော့ လိုအပ်သည်။

ပွဲပယ်ခံစားရသည့် ရာမီးယက်စ်

ချယ်လ်ဆီးအသင်း၏ အားသားချက် – နောက်တန်းကျစ်လျစ်မှု
လူးဝစ်စ်နှင့် ကာဟေးသာ ဒဏ်ရာမှ ပြန်လည်သက်သာလာပါက ချယ်လ်ဆီးအသင်း၏ နောက်တန်းမှာ အလွန်ပင်တောင့်တင်းလာမှာဖြစ်သည်။ ဒီမက်တီယိုလက်ထက်တွင် ဘောလုံးဆုံးရှုံးနေချိန်၌ ချယ်လ်ဆီးအသင်းသည် ခံစစ်ကစားရာတွင် ပိုမိုနက်နဲပြီး ၄-၂-၃-၁ မှ ၄-၄-၁-၁ သို့ပြောင်းကစားလေ့ရှိသည်။ သူတို့ဟာ နောက်ခံ၎ယောက်၊ အလယ်တန်း၎ယောက် ၂ဆင့်ဖြတ်ထုတ်လေ့ရှိပြီး မာတာအား နောက်ချန်တိုက်စစ်မှုးအဖြစ် တန်ပြန်တိုက်စစ်အား ပုံဖော်ကစားလေ့ရှိသည်။ ဘိုင်ယန်မြူးနစ်အနေဖြင့် ရီးယဲလ်မက်ဒရစ်ကို ဂိုးသွင်းရန်မခက်သော်လည်း နှစ်ထပ်ကာကွယ်ဖျက်ထုတ်သည့် ချယ်လ်ဆီးနောက်တန်းကို ကျော်ဖြတ်ရန် ထင်သလောက် မလွယ်ကူပါ။
ပွဲပယ်ခံထားရသည့် ဂူစတာဗို

ဘိုင်ယန်မြူးနစ်၏ အားသာချက် – အလယ်တန်း
ဘိုင်ယန်အသင်းမှ ကရို့စ်၊ မူလာ၊ ရှဝိန်းစတိုင်ဂါ၊ ရော်ဘင်၊ ရီဘာရီတို့ကြောင့် သူတို့အလယ်တန်းမှာ ချယ်လ်ဆီးအသင်းထက် အားသားလျက်ရှိပြီး ဘောလုံးပိုင်ဆိုင်မှုကို အသားပေးကစားတက်တက်ဘိုင်ယန်ကြောင့် ချယ်လ်ဆီးအနေဖြင့် အမှားမပြုလုပ်ဖို့ လိုအပ်သည်။ သူတို့အသင်းဟာ ဒီအလယ်တန်းကစားသမားတွေကြောင့် တိုက်စစ်တွင် ချယ်လ်ဆီးထက် ပိုမိုကောင်းမွန်ပြီး ဂူစတာဗို မပါဝင်နိုင်တာ ချယ်လ်ဆီးအတွက် အားတက်ဖွယ်ဖြစ်သည်။
သုံးသပ်ချက်
ချယ်လ်ဆီးပရိတ်သတ်တစ်ယောက်အနေဖြင့် ချယ်လ်ဆီးကို ချန်ပီယံလိဂ်ဗိုလ်စွဲစေချင်တာ အမှန်ပင်ဖြစ်သည်။ ရာမီယက်စ်နှင့် အီဗန်နိုဗစ်မပါဝင်မှုကြောင့် ချယ်လ်ဆီးမှာအားနည်းနေမှာဖြစ်ပြီး သူတို့အစားဝင်စားမည့် စတာရစ်ခ်ျနှင့် ဘော့ဆင်ဝါတို့မှာ ထင်သလောက် အားမရပါ။ ဒါပေမယ့် ချယ်လ်ဆီးကိုယုံသည်။ နပိုလီကို ရှုံးနိမ့်ပြီ ထင်ပြီးမှ အစွမ်းကုန် ကျော်ဖြတ်ပြကာ ယခုဆို ဗိုလ်လုပွဲအထိပင်ရောက်နေလေပြီ။ ချန်ပီယံလိဂ်ဖလားရဖို့ဆိုတာ ခြေစွမ်းအပြင် ကံတရားလဲလိုသေးသည်။ ကျွှန်တော်တို့ ချယ်လ်ဆီးအသင်းသည် သူတို့ကွင်း၊ သူတို့ပရိတ်သတ်ရှေ့မှာ ကစားရမှာဖြစ်တာကြောင့် under dog အသင်း၊ ရှုံးနိမ့်မည်ဟု လူတိုင်းကပြောနေကြသည်။ လက်ရှိခြေစွမ်းအရ ဘိုင်ယန်ကို မယှဉ်နိုင်တာ ၀န်ခံပါသည်။
သို့ပေမယ် အထက်မှာပြောသလို ဘောလုံးဆိုတာ မခန့်မှန်းနိုင်တာတွေ ဖြစ်လေ့ရှိသည်။ နပိုလီကို ၃-၁ဖြင့် ရှုံးတုန်းက ဘယ်သူကများ ချယ်လ်ဆီး ကွာတားဖိုင်နယ်ရောက်မယ်လို့ ထင်ခဲ့ကြလဲ? ဘာစီလိုနာနှင့် တွေ့တုန်းကကော ဘယ်သူက ချယ်လ်ဆီးကျော်တက်ပြီး ဖိုင်နယ်ရောက်မယ်လို့ ပြောခဲ့ကြလဲ? ဒါကြောင့် ချယ်လ်ဆီးအနေဖြင့် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေသော  ချန်ပီယံလိဂ်ဖလားကြီးကို ဘိုင်ယန်မြူးနစ်အား ကျော်ဖြတ်ကာ စတမ်းဖို့ဘရစ်ခ်၊ ဖူလ်ဟမ်လမ်းမကြီး၊ လန်ဒန်မြို့၊ SW6 1HS ဆီသို့ သယ်ဆောင်လာနိုင်မည်ဟု ယုံကြည်လျက်………

0 comments:

Post a Comment