Friday, 25 May 2012
ဖာနန်ဒို တောရက်စ်ရဲ့ ဆုတောင်း
ဘောလုံး က အနီရောင်တွေ ရဲ့ခြေထောက်ထဲ မှာပါ။သူတို့ ကွင်း သူတို့ ပရိတ်သတ်ရှေ့ မှာ ခြေနဲ့ ဘောလုံးထိ လိုက် တိုင်း၊ တိုက်စစ် ဆင်လာတိုင်း၊ ဂိုးကန်သွင်း လိုက်တိုင်း ကျယ်လောင် တဲ့ အားပေးသံတွေ က ဘဝဂ်ထံ ညံ သွားသလား ထင်ရောက်လောက်အောင် ပဲ။ ကျွန်တော် ချစ်တဲ့ အသင်း ကတော့ သူတို့ရဲ့ တိုက်စစ်အောက်မှာ အလူး အလဲပေါ့။ ကျွန်တော့် ရဲဘော် ရဲဘက်တွေ က  အားချင်း မမျှပေမယ့် အစွမ်းကုန် ကာကွယ်နေ ပါတယ်။ ကျွန်တော်လဲ သူတို့ လိုပဲ အသင်း အတွက် အစွမ်း ကုန်ပေးဆပ်ချင်လိုက်တာ ဗျာ။ ဒါပေမယ့်…. ကျွန်တော်ဟာ ကွင်းဘေး တစ်နေရာ ကနေ ဒီမြင်ကွင်း ကို စိတ်ပျက်လက်ပျက် ငေးကြည့်နေ တာပါ။ တကယ်တော့ ချယ်ဆီး အသင်းကို ရောက်လာတဲ့ အချိန် က စ ပြီး ဒီနေရာလေး ဟာ ကျွန်တော့် အတွက် သတ်မှတ် ထား သလား ထင် ရအောင် ရင်းနှီး ကျွမ်းဝင်နေ ပါပြီ။ ကျွန်တော့် အနေနဲ့ ဒီ ခံစားချက်တွေ နဲ့ အသား ကျနေတာ နှစ်နဲ့ ချီနေ ပါပြီ။ ဘာကြောင့် ဒီနေ့မှ ခါတိုင်းထက် ထူးထူးခြားခြား ပိုခံစားနေရလဲ ဆိုတာ ကိုတော့ ကိုယ့်ကိုကိုယ် ပဲ စကားလုံး မဲ့ မေးခွန်း ထုတ်နေ မိပါတယ်။
“ဂိုး” ဆိုတဲ့ အသံကြီးက မိုးခြိမ်းသံ လို ကျယ်ကျယ်လောင်လောင် နဲ့ ဟိန်းထွက်
လာတော့ အရမ်းကို တုန်လှုပ် သွားမိတယ်။ ဘိုင်ယန် က မူလာ သေသေသပ်သပ် ခေါင်းတိုက် အဆုံးသတ် လိုက်တဲ့ အချိန်က (၈၃)မိနစ်။ သူ့ ကွင်းသူ့ ပရိတ်သတ် အများစုကြားမှာ လက်ကျန် (၁၀) မိနစ်လောက် ဆိုတာ အရမ်းကို နဲလွန်းနေ တယ်။ တကယ်လို့ ချေပဂိုး သာ မသွင်းနိုင်ရင်တော့ အားလုံးရဲ့ မျှော်လင့်ချက်တွေ အဆုံးသတ် ပဲပေါ့။  “မင်း လူစားဝင်ရမယ် ဖာနန်ဒို”  နည်းပြရဲ့ စကားကိုကြားတော့ မှ အသိပြန်ဝင် လာတယ်။ ပျော်လိုက် တာဗျာ..  ကျွန်တော် ဝင်ကန် ရတော့မယ်။ ခုန က ခံစားချက် တွေလဲ ကြက်ပျောက် ငှက်ပျောက်ပေါ့။ အပေါ် အကျီကို ချွတ်လိုက်တဲ့ အချိန်နဲ့ လူစားလဲမယ့်နေရာ ကို ရောက်သွား တဲ့ အချိန်က တစ်ထပ်ထဲ လိုလို ပါပဲ။ အချိန် မရှိတော့ ဘူးလေ။ နောက်တော့ ဇောင်းထဲက လွတ်တဲ့ မြင်း လို ကွင်းထဲ ကို ဝမ်းသာ အားရပြေးဝင်သွား မိတယ်။ အက်သလက်တီကို မှာ ပထမဆုံး ဝင်ကန် ရတဲ့နေ့တုန်း က ခံစားချက် ထက်တောင် ပိုမလားပဲ။
ဒီနောက်မှာတော့ အသင်းဖေါ် ဒရော့ဘာ လဲ အသက်ရှူ နဲနဲ ချောင်သွား တော့တယ်။ ကျွန်တော်ဝင် လာပြီး ပြိုင်ဘက် နောက်တန်း တွေကြားထဲ မှာ ပြေးလွှားရင်း နေရာလွတ်တွေ သူ့  အတွက် ဖန်တီးပေး လို့ပေါ့။ မကြာခင် မှာပဲ ကျွန်တော်တို့ ရှားရှားပါးပါး ကော်နာ ကန်ခွင့် ရတယ်။ ဒီ အချိန်မှာ ကျွန်တော်လဲ ဘိုင်ယန် ကစားသမားတွေ ကျွန်တော့် အပေါ်အာရုံ စူးစိုက် မိအောင် နေရာ ယူထား ပါတယ်။ ဘောလုံး လာတာနဲ့ ဂိုးသမားမြင်ကွင်း ကို ပိတ်ဖို့ လဲ အသင့် အနေအထား နဲ့ပေါ့။ ဂိုးသွင်းဖို့ ထက် အသင်း ဖေါ်တွေ အခွင့် သာအောင် ပံ့ပိုးဖို့ပဲ စိတ်ထဲမှာ ရှိနေ တာပါ။ ဒီလိုနဲ့ ဘောလုံး လာတဲ့ အချိန်မှာ ဒရော့ဘာ ရဲ့ ခေါင်းတိုက် ချက်က ဂိုးပိုက် ကို လှုပ် သွားစေလို့ အားလုံး အောင်ပွဲ ခံလိုက်ကြ ပါတယ်။ ကျွန်တော်တို့ အိပ်မက်တွေ ရှင်သန်ဖို့ ဆက်လက် အားထုတ် ခွင့် ရပြီပဲ မဟုတ် လား။ ပွဲချိန်ကုန်တဲ့ အထိ နောက်ထပ် ဘယ်သူမှ ဂိုး မသွင်းနိုင်တော့ အချိန်ပို ကစားရ တော့ မှာပေါ့။ အချိန်ပို မှာ ဒရော့ဘာကြောင့် ပယ်နယ်တီ ပေး ရပေမယ့် ဆက်ခ်ျ လက်စွမ်းပြ ကာကွယ် သွားလို့ တော်သေး တယ်။
အစပြုခြင်း တစ်ခု အတွက် အဆုံးသတ် များ
“မင်းကို ရောင်းထုတ်ဖို့ ငါတို့ ဆုံးဖြတ် လိုက်ပြီ ဖာနန်ဒို” လီဗာပူး တာဝန်ရှိသူ တစ်ယောက် ရဲ့ စကား က ကျွန်တော့်ကို အကြီး အကျယ် တုန်လှုပ် သွားစေ ပါတယ်။ အက်သလက်တီကို အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမား တစ်ယောက်ဖြစ်တဲ့ ကျွန်တော် ဟာ ခြေစွမ်းပြနိုင် လို့ အသက် (၁၉)နှစ် အရွယ်မှာပဲ အသင်း ခေါင်းဆောင် တစ်ယောက်ဖြစ် လာ ခဲ့ပါတယ်။ အပြောင်း အရွှေ့  ရာသီရောက် တိုင်း ဘာစီလိုနာ နဲ့ မြို့ခံပြိုင်ဘက် ရီးယဲလို အသင်းမျိုးတွေ ရဲ့ သွေးဆောင်မှု ကိုလဲ အမြဲတမ်း လိုလို ခေါင်းခါ ခဲ့တာပါပဲ။ ဒီလိုနဲ့  (၂၀၀၇)မှာ ပရီးမီးယားလိဂ်က လီဗာပူး အသင်းရဲ့ ကမ်းလှမ်းမှု ကို ရရှိ ခဲ့ပါတယ်။ နည်းပြ ဘင်နီတက်ဇ် က စပိန် လူမျိုးလဲဖြစ်နေတော့ ဒီ ကမ်းလှမ်းချက်ကို စိတ်ဝင်စား မိတယ်။ လူငယ်ပီပီ အက်သလက်တီကို မှာ ရထားတဲ့ အတွေ့  အကြုံတွေက လုံလောက်ပြီ မို့ ရေမြေသစ်မှာ ပြင်းထန် တဲ့ စိန်ခေါ်မှု အသစ်တွေနဲ့ ရင်ဆိုင် ချင်တဲ့ ဆန္ဒတွေ ကလဲ ရင်မှာ အပြည့်လေ။
ချန်ပီယံလိဂ် ဖလား အစစ်ကို ရထားတဲ့ ဥရောပ ထိပ်တန်း အသင်းကြီးမှာ အလွန်ဆိုနဲ့ အာဘီလိုအာ တို့လို စပိန်ကစားသမားတွေ၊ အသင်းခေါင်းဆောင် ဂျရတ်လို ဥရောပ အကောင်းဆုံး စာရင်းဝင် ကွင်းလယ် ဖန်တီးရှင် တစ်ယောက်နဲ့ တွဲ ကစားရမယ် ဆိုတဲ့ အချက်တွေက ကျွန်တော့်လို ချန်ပီယံလိဂ် ဖလားကိုကိုင်မြှောက်ချင်တဲ့ ချာတိတ် ရဲ့ခေါင်း ကို လွယ်လွယ်လေး ညှိတ်မိစေ ခဲ့တာ ပေါ့ဗျာ။ ဒီလိုနဲ့ ပဲ ကြီးကျယ် ခမ်းနား လွန်းတဲ့ သမိုင်းကြောင်းတွေ သန္ဓေတည် ရာ အန်ဖီးလ်  ကွင်းကြီးကို စတင်ခြေချ မိပါတယ်။ စပိန် လူမျိုးနည်းပြနဲ့ ကစားသမားတွေက စပိန် လူမျိုး ချာတိတ်လေး ကို အသင်း နဲ့ လျင်လျင်မြန်ြမန် ပဲ အသား ကျစေ ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော့် ရဲ့ ပရီးမီးယားလိဂ် ပထမဆုံး ရာသီဟာ သိပ်ကို လွယ်ကူ လွန်းနေပြီး အသင်း အတွက် ဂိုးပေါင်း(၂၄)ဂိုး သွင်းပေးနိုင် ခဲ့ပါတယ်။
ဒါဟာ မန်ယူ က နစ္စတယ်ရွိုင်း(၂၃ဂိုး)နောက်ပိုင်း နိုင်ငံခြားသား တစ်ယောက် အနေနဲ့ ဒီလိဂ် ကို စတင် အခြေချတဲ့ နှစ်မှာ ဂိုးပေါင်း(၂၀)ကျော် သွင်းနိုင်သူ အဖြစ်ကျွန်တော့် ကို မှတ်တမ်း ဝင် သွားစေ ပါတယ်။ ပြိုင်ပွဲစုံ မှာတော့ (၃၃)ဂိုးပေါ့။ ဒီဂိုးတွေဟာ အန်ဖီးလ် ပရိတ်သတ်တွေ ရဲ့ အသဲနှလုံး ကို အချိန်တို အတွင်းမှာ ပဲ ညှို့ယူနိုင် ခဲ့တဲ့ အဓိက အချက် ပေါ့ ဗျာ။ ကြိုးကြာနီ ပရိတ်သတ် လေးသောင်း ကျော်ရှေ့မှာ ကစား ရတဲ့ အိမ်ကွင် ပွဲစဉ်တိုင်း အားလုံး ရဲ့ လက်ခုတ်သံ တွေဟာ ကျွန်တော့် အတွက်ပဲ လို့တောင် လောဘ တကြီး တွေး မိရင်း ကိုယ့်ကိုကိုယ် ကျေနပ် နေတာလဲ အမြဲလို လို ပါ။ ဒုတိယ ရာသီ မှာလဲ အသားကျ နေပြီဖြစ်တဲ့ ဒီနေရာမှ ဆက်လက် ခြေစွမ်းပြရင်း အသင်း အတွက် စုစုပေါင်း (၁၇)ဂိုး သွင်းပေးနိုင် ခဲ့ပါတယ်။ နိုင်ငံ အသင်း အတွက် ဥရောပ ဖလား ကိုပါ ရယူပေး ခဲ့လို့ ဒီ ကာလတွေ ဟာ ကျွန်တော့် ဘဝရဲ့  မျက်စိ ကျိန်းမတတ် စူးရှတောက်ပ လောက်အောင် ရွှေရောင် လွှမ်းတဲ့ အချိန်တွေ ဆိုလဲ မမှား ပါဘူး။ ဒီလိုနဲ့ အသင်း ရဲ့ ဂိုးမုဆိုးဖြစ လာပြီးနောက် တစ်နှစ်မှာ (၂၂)ဂိုးထပ် သွင်းပေး ခဲ့ပြန် ပါတယ်။ အသင်းခေါင်းဆောင်ဂျရတ် ရဲ့ ပံ့ပိုးမှုတွေ ကို သေသေ သပ်သပ် အဆုံးသပ် ရင်းနဲ့ပေါ့။ အခု အထိတော့ အရာရာ ဟာ လှပနေ ဆဲပါ။
(၂၀၁၀) မှာတော့ ဒဏ်ရာ ပြသနာတွေ ကြောင့် ခြေစွမ်း သိပ် မပြနိုင် ခဲ့ပါဘူး။ ကလပ် အတွင်း ပြဿ နာတွေ၊ ငွေကြေး အကြပ် အတည်းတွေ ကလဲ ကျွန်တော့်ရဲ့ ခြေစွမ်း ကို တစ်နည်း တစ်ဖုံ ထိခိုက်စေ တာပါ။ နိုင်ငံ အသင်းနဲ့ ကမ္ဘာ့ ဖလား ရခဲ့ပေမယ့် ကလပ် မှာတော့ ရာသီဝက် အတွင်း (၉)ဂိုးပဲ သွင်းပေးနိုင် ခဲ့ပါတယ်။ ဒီ အချိန်မှာ ပိုင်ရှင်တွေ ကလဲ ခြေစွမ်းနဲနဲ ကျနေတဲ့ ကျွန်တော့် ကို အမြင့်ဆုံးဈေး နဲ့ ထုတ်ရောင်း ချင် တာ နေမှာ ပေါ့ဗျာ။ အခုတော့ အထက်ပါ အတိုင်း ထုတ်ပြော လာပါပြီ။ ဒါကြောင့် ကျွန်တော်လဲ အသင်းရွေး ရပါ တော့ မယ်။ ကျွန်တော့်ကို လိုချင်နေတဲ့ အသင်းတွေ ကလဲ အများသား။ စီးရီးအေ၊ လာလီဂါ အသင်းတွေ နဲ့ ပရီးမီးယား လိဂ်ပြိုင်ဘက် အသင်းတွေ ပါ။ ဒီထဲ မှာမှ အသင်း တစ်သင်း က ကျွန်တော့်ရဲ့ စိတ် အာရုံကိုဖမ်းစား လိုက် ပါတော့ တယ်။ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ၊ တောင့်တင်းတဲ့ ကစားသမား အင်အားနဲ့ ငွေကြေး အခြေအနေ စတဲ့ အချက်တွေကို ကစားသမား တိုင်း နှစ်သက်ကြမှာ သေချာ ပါတယ်။ နောက် တစ်ခုက ချန်ပီယံလိဂ် ပွဲတွေ ပေါ့။ အရမ်းကိုခမ်းနားကြီးကျယ် လွန်းပြီး ထိပ်တန်း ဘောလုံး သမားတွေ ပျော်စံရာ စိတ်ကူးယဉ် ဆန်တဲ့ ပြိုင်ပွဲလေ။ သူတို့ အသင်း က နှစ်တိုင်း လိုလို ဒီပွဲ ကို ကစားခွင့် ရနေတာကိုး။
မုန်တိုင်းထန်ကာလ
ချယ်ဆီး ကိုရောက်တော့ ပရီးမီးယားလိဂ် ပြိုင်ပွဲက ဒုတိယ ရာသီဝက် ထဲမှာ။ ပထမပိုင်း မှာ ခြေစွမ်းတွေ စွတ်ပြခဲ့ ပေမယ့် နောက်ပိုင်း ခြေကျ သွားတဲ့ အသင်းကို ဆွဲတင်ဖို့ တာဝန် က ကျွန်တော့် ပခုံးပေါ် ကို အလိုအလျောက် ရောက်လာ ပါတော့တယ်။ ဒါပေမယ့် ကျွန်တော် ဟာ အသင်းသစ် နဲ့ ချက်ချင်း အသား မကျတဲ့ အပြင် ကြံ့ခိုင်မှု ကလဲ ရာနှုန်းပြည့် မရှိတော့ ထင်သလောက် ခြေစွမ်း မပြနိုင် ခဲ့ပါဘူး။ အသင်းဖေါ် တွေနဲ့ အတွဲ အဖက် ကလဲ မမိသေးတော့ ဂိုးရဖို့ ခက်ခက် ခဲခဲ ရုန်းကန်နေ ရတယ်လေ။ ကျွန်တော်နဲ့ အတူတူ ရောက်လာတဲ့ ဒေးဗစ်လူးဝစ်စ် တစ်ယောက် အသင်းနဲ့ ခပ်မြန်မြန် အသားကျသွားတာကို  တကယ်ပဲ အားကျ မိတာပေါ့။ နှစ်ကုန် မှာတော့ ကျွန်တော် အသင်း  အတွက် (၁)ဂိုးပဲ သွင်းပေးနိုင် ခဲ့ပါတယ်။ ကျွန်တော့် သမိုင်းမှာ တော်တော်လေး ဆိုးရွားတဲ့ မှတ်တမ်း ပေါ့ဗျာ။ နောက်နှစ် ဒီထက် ပိုကြိုးစား ရအုံးမယ်။ နည်းပြ အသစ်နဲ့ ကစားသမား အသစ်တွေ လဲ ရောက် လာပြီလေ။
စိန်ခေါ်မှု အသစ်တွေ စောင့်ကြိုနေတဲ့ (၂၀၁၁-၁၂) ဘောလုံး ရာသီသစ် စ ပါပြီ။ ချယ်ဆီး အသင်းရဲ့ ရလဒ်က ထင်သလောက် မကောင်းသေး ပါဘူး။ နည်းပြ ဘိုအက်ရှ် ကတော့ကျွန်တော့် ကို ပွဲထုတ် ရှာပါတယ်။ ဒါပေမယ့် ကျွန်တော့်  ဂိုးသွင်းခြေက ပျောက်နေ ဆဲပါ။ အသင်း ဖေါ်တွေနဲ့ လဲ အခုထိ အတွဲအဖက် မမိသေးပါဘူး။ တစ်ခါ တစ်လေ သူတို့  တမင်များ  ကျွန်တော့်ကို ဘောလုံး မပေးတာလား လို့တောင်  တွေးမိတယ်။ တကယ်တော့ ကျွန်တော့် အတွေးက မလွန် ပါဘူး။ ဂိုးသွင်းနိုင်မယ့် နေရာမှာ လွတ်လွတ်ကျွတ်ကျွတ် ရပ်နေပေမယ့် တွဲဖက် တိုက်စစ်မှုး က ကျွန်တော့်ဆီ ဘောလုံး မပေးပဲ သူ့ ဘာသာ  သူ တစ်ကိုယ်ကောင်း ဆန်ဆန် ကန် သွင်းရင်း အပိုင် အခွင့်အရေးတွေ ဖြုန်းတီး ပစ်တာ လဲ အခါခါပေါ့  ဗျာ။ ကွင်းလယ် ကစားသမား တွေလဲ အတူတူ ပါပဲ။ ကျွန်တော့် ကို ဂိုးသွင်းဖို့ လုံးဝ မဖန်တီးပေး သလောက် ပါပဲ။ တစ်ခါ တစ်လေ ကျွန်တော်တောင် သူတို့ကို ပြန် ဖန်တီးပေးနေ ရတယ်လေ။ ဒီလို အခြေအနေမှာ ဘယ် တိုက်စစ်မှူး ကများ ဂိုးတွေ ဖောဖော သီသီ သွင်းနိုင်မှာ လဲ။ မက်ဆီ လား၊ ရော်နယ်ဒို လား၊ ဗန်ပါစီ လား။ သေချာတာ က ကျွန်တော်တော့ အဲ့လို မလုပ်နိုင် ပါဘူး။
ချယ်ဆီး အသင်းကို ရောက်လာ ရင် အသား ကျဖို့ ခက်ခဲ လိမ့်မယ် လို့ ကျွန်တော် မျှော်လင့်ပြီး သားပါ။ ဒါပေမယ့် အခုတော့ ကျွန်တော် ထင်ထားတာထက် အများကြီးပို ခက်ခဲနေ ပါတယ်။ တကယ်တော့ ကျွန်တော်ဟာ လွဲမှားတဲ့ အချိန်မှာ လွဲမှားတဲ့ တန်ဖိုး သတ်မှတ် ချက်နဲ့ ဒီနေရာကို ရောက်လာတဲ့ အနေအထား ဖြစ်မှန်း မသိဖြစ်လာ ပါတော့ တယ်။ ကျွန်တော့်ရဲ့ တန်ဖိုး ကို ပေါင်သန်း(၅၀)လို့ သတ်မှတ် သူက သတ်မှတ် သလို ပေးချေ သူလဲ ပေးချေ ခဲ့တာကိုး။။ ဒီ တန်ဖိုးကြောင့်လဲ ကွင်းတွင်းမှာ သာမက အဝတ်လဲ ခန်းနဲ့ ထမင်းစား ခန်းမှာပါ ကျွန်တော် တစ်ယောက် ထဲ  သင်းကွဲ ပါ။ စီနီယာ အသင်းသားတွေ က ကျွန်တော့် အပေါ် နွေးနွေးထွေးထွေး သိပ် မရှိလှပဲ ဝတ်ကျေ တန်းကျေပဲ ခေါ်ပြောကြ တယ်လေ။ နောက်ပြီး ဘာပဲ လုပ်လုပ် သူတို့က တစ်စု တစ်စည်း ထဲ။ ဒီလို အချိန်မျိုးမှာ ဟိုတစ်ချိန် နွေရက်တွေဆီ က လီဗာပူး အသင်းကို ရောက်လာတဲ့ အချိန်မှာ အလွန်ဆိုတို့ လူစုရဲ့ နွေးထွေး ဖေါ်ရွေမှုတွေ ကို တမ်းတ မိတာ မကြာ ခဏပါ။
နောက်ပိုင်း မှာတော့ ကျွန်တော့်ရဲ့ အနေအထားက ဆိုးသထက် ဆိုး လာပါတော့ တယ်။ နည်းပြ ဘိုအက်ရှ် အထုတ်ခံ ရတာလဲ ကျွန်တော် ဂိုး မသွင်းလို့ အထုတ်ခံရ သလိုလို၊ ကျွန်တော့် ကို ပွဲထုတ် မိလို့ ကံဆိုး သလိုလို ပြောဆိုနေကြတဲ့ အထိ ပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် နည်းပြသစ် ဒီမက်တီယို လက်ထက် မှာ ကျွန်တော် ကတော့ နေရာမြဲ ဆဲပါ။ အရံ နေရာ လေ။ ပွဲ တစ်ပွဲမှာ အရံခုန် မှာ ထိုင်ရင်း ကစားသမား တစ်ယောက် နာသွားတဲ့ အချိန်၊  ကိုယ့် အသင်း ဂိုး မသွင်းနိုင်လို့ နေရာ လွတ်တွေ ရှာရတော့မယ့်ပွဲပြီး ခါနီး အချိန် မျိုးမှာ မိနစ်ပိုင်းလောက် ဝင်ကစား  ဖို့ စောင့်ရတာ မျိုး က ကျွန်တော့် အတွက် အသား ကျရင်းနှီးနေ ပါပြီ။  ဒါပေမယ့် အခုချိန်ထိ တစ်ခါလောက်မှ အသင်းရဲ့ တိုက်စစ်မှူး တွေ  ဒဏ်ရာ ရသွားပါစေ၊ ခြေစွမ်း မပြနိုင်  ပါစေနဲ့ လို့ ယောင်လို့တောင် မတွေး မိပါဘူး။ တကယ်လို့ ဒီလိုတွေး မိမယ် ဆိုရင်တောင်မှ ခါးသီး ကြမ်းတမ်း လွန်းတဲ့ ပတ်ဝန်းကျင် ရဲ့ အရောင် ဆိုးမှုကြောင့် ဆိုတာ သေချာ ပါတယ်။ အသင်း က စပိန် ကစားသမား မာတာ ကတော့ ကျွန်တော့် အပေါ် ကောင်း ရှာပါတယ်။ တစ်ခါဆိုရင် ဂိုးမိုး ခေါင်နေတဲ့ ကျွန်တော့် ကို သူ ကန်ရမယ့် ပယ်နယ်တီ ကန်မလား လို့တောင် မေး ပါတယ်။ ဒါပေမယ့် ကျွန်တော်သူ့ ကမ်းလှမ်းမှု ကို ခပ်မြန်မြန်ပဲ ခေါင်းခါလိုက် ပါတယ်။ ဟုတ်တယ်လေ.. ဒီလို အခွင့်  ထူးတွေက ကျွန်တော့်လို အရံ ကစားသမား အတွက် မထိုက်တန် ဘူးလို့ နည်းပြက သတ်မှတ် ပြီးသား ပဲလေ။
ဘာလိုလိုနဲ့ ဘောလုံး ရာသီတောင် ကုန်ခါနီးပြီ။ ကျွန်တော်လဲ အဆင်ပြေအောင် ရုန်းကန်နေ  ဆဲပေါ့။ ကျွန်တော့် လိုပဲ  ချယ်ဆီး အသင်းလဲ ပရီးမီးယားလိဂ် အဆင့် (၄)ဝင်အောင် ခက်ခက်ခဲခဲ ရုန်းကန်နေ ရတယ်။ အဲ.. ဒါပေမယ့် အက်ဖ်အေ ဖလားပွဲမှာ ဖိုင်နယ် တက်သလို ချန်ပီယံလိဂ် မှာလည်း ဆီမီးဖိုင်နယ် အဆင့်ရောက်တဲ့ အထိ အခြေ အနေ ကောင်းနေ တယ်ဗျ။ အများ  အထင်သေးတဲ့ကြားထဲက အောင်မြင်မှုတွေ ရယူဖို့ လက်တစ်ကမ်း အလိုပေါ့။
ဘာကာနဲ့ ဆီမီး ဖိုင်နယ် ပထမ အကျော့မှာ ကျွန်တော် အရံခုံ ကတောင် မထ လိုက်ရပါဘူး။ ဒုတိယ အကျော့ မှာတော့ ပွဲပြီးခါနီး လူစား ဝင်ခွင့် ရသလို အလှပဆုံး အဆုံးသတ်မှု တစ်ခုကို ကျွန်တော် လုပ်နိုင် ခဲ့ပြီး အသင်း ရဲ့ နှစ်ကျော့ပေါင်း အနိုင်ကို သေချာစေ ခဲ့ပါတယ်။ ကဲ.. ဖိုင်နယ်တော့ တက်ပြီ။ ကျွန်တော့်ရဲ့ အိပ်မက်တွေလဲ အကောင်အထည် ပေါ်လာတော့ မယ် ထင်ပါတယ်။
ဒီဖိုင်နယ် ပွဲ (၂)ပွဲ မတိုင်ခင်  ကျွန်တော် အစွမ်းကုန် အလုပ် ကြိုးစား ခဲ့ပါတယ်။ ကစားခွင့်  ရတဲ့ အချိန်တိုင်း မှာ  ပြင်းပြင်း ထန်ထန် ယှဉ်ပြိုင်ရင်း ဆု ဖလားတွေ၊ အောင်မြင်မှုတွေ ပြန်လည် ရရှိဖို့ ကြိုးစား ခဲ့ပါတယ်။ ကံကောင်း တယ် လို့ပြောရမယ်.. အက်ဖ်အေ ဖလား ဖိုင်နယ် ပွဲ မတိုင်ခင် ကျွန်တော် ဟက်ထရစ် ရပါတယ်။ ချယ်ဆီး ကစားသမား ဘဝမှာ ပထမဆုံး ရတာလေ ။ဒါကြောင့် ဖိုင်နယ်မှာ အစွမ်းပြဖို့ တိတ်တခိုးမျှော်လင့်  မိတာပေါ့။ ဒါပေမယ့် အားလုံးရဲ့ ကျွန်တော့် အပေါ် ဆက်ဆံရေးဟာ လန်ဒန်ရဲ့ ဆောင်းတွင်း လို အေးစက်စက် ပါ။ ဝင်ဘလေ ဖိုင်နယ် ပွဲမှာ ကျွန်တော် အရံခုံမှာ ပဲ ထိုင်နေ ရပြီး ဒုတိယပိုင်း အစမှာ နည်းပြရဲ့ ညွှန်ကြားချက် အတိုင်း သွေးပူ လေ့ကျင့်ခန်း လုပ်ရင်း ကွင်းထဲ ဝင်မယ့် အချိန်ကို စောင့်နေ ရပါတယ်။ဒါပေမယ့် မိနစ်(၉၀)ပြည့်တဲ့ အထိ ကစားခွင့် လုံးဝ မရ ခဲ့ပါဘူး။ ပွဲ အပြီးမှာအင်္ဂလန်မြေ ကိုခြေချပြီးနောက်ပိုင်း ပမထမဆုံး ရတဲ့ ဆုဖလားနဲ့ အတူ အများနဲ့ ရောယောင် အောင်ပွဲ ခံနေပေမယ့် စိတ်ထဲ မှာတော့ သိမ်ငယ်မှု  တွေပဲကြီးစိုးနေ မိ ပါတယ်။ ကျွန်တော့် ဂျာစီ အကျီက ချွေးတွေ နဲ့ ရွှဲနစ်နေ ပါတယ်။ ဒါပေမယ့် တခြား သူတွေလို ကွင်းထဲမှာ ရေကုန်ရေခန်း ယှဉ်ပြိုင် ခဲ့ရလို့ မဟုတ်ပဲ သွေးပူ လေ့ကျင့်ခန်း လုပ်လို့ ထွက်လာတဲ့ ချွေးတွေ ပါ။ ချန်ပီယံလိဂ် ဖိုင်နယ်လ်ပွဲ မှာ လည်း အရံခုံမှာပဲ ထိုင်နေ ရအုံးမယ် ဆိုတာတော့ ဖတ်ပြီးသား စာအုပ် တစ်အုပ်ကိုပြန် ဖတ်နေ ရသလို သေချာပေါက်ပြောနိုင် တာပေါ့ ဗျာ။
ဖာနန်ဒို တောရက်စ်ရဲ့ ဆုတောင်း
အသင်းဖေါ် မာတာ ပခုံးပုတ် လိုက်မှပဲ အတိတ်နေ့စွဲတွေဆီ မျောလွင့်နေတဲ့ ကျွန်တော့်ရဲ့ စိတ်တွေ ဟာ အလိုင်းယန့်ဇ် ကွင်းကြီး ဆီကို ပြန်ရောက် လာပါတော့တယ်။ ထုံးစံအတိုင်း အသင်းဖေါ်တွေနဲ့ အတူတူ အောင်ပွဲ ခံကြတာပေါ့။ ဒီဆုဖလား ဟာ ကျွန်တော့် ဘဝရဲ့ မျှော်လင့်ချက် ပါ။ ဘဝမှာ ပထမဆုံး ရတဲ့ ချန်ပီယံလိဂ် ဖလားပါ။ ကျွန်တော်ပျော်နေ ပါတယ်။ ဒါပေမယ့် အစွမ်းကုန် ပျော်နေတာတော့ မဟုတ်ပါဘူး။ ဒီ အချိန်မှာ အခုထက် ပိုပျော်နေသင့်ပေမယ့် လဲ တစ်စုံတစ်ခု က ကျွန်တော့်ရဲ့ စိတ်တွေကို လွှမ်းခြုံ ထားသလို မျိုးပါ။ ကွင်း ပတ်ပတ်လည် က ကောင်းချီး သြဘာပေးသံတွေ နဲ့ လက်ခုတ်သံတွေ က နားကွဲ လုမတတ်  ဆူညံနေပါတယ်။ ဒါပေမယ့် ဒီလက်ခုတ်သံ တွေဟာ ကျွန်တော့် အတွက် မဟုတ်ဘူး ဆိုတာတော့…။ တွေးရင်း နဲ့ မျက်လုံး ကို မှိတ်လိုက် မိပါတယ်။ မျက်ဝန်းထဲမှာ ဝဲတက်လာတဲ့ မျက်ရည်တွေ ပါးပြင်ပေါ် မကျခင် အချိန်မှီလေး ပေါ.။ ဒဏ်ရာတွေ အထပ်ထပ် နဲ့ နှလုံးသား ကတော့ ငိုကြွေးနေ ပါပြီ။  ဒီ အသင်းမှာ နောက်ထပ် ဆက်ရှိနေ မလား ဆိုတာ မသေချာတော့ ပါဘူး။ တကယ်လို့ နောက်နှစ်တွေ လဲ အရံ ခုံမှာပဲ ထိုင်နေ ရအုံးမယ် ဆိုရင် တစ်ခုခု ကို ဆုံးဖြတ် ရတော့မှာပါ။
ကျွန်တော့် အသက်လဲ မငယ်တော့ ဘူးလေ။ ဒီက  ထွက်ခွါမယ် ဆိုရင်လဲ နောက် အသင်း သစ်တစ်သင်းမှာ အသားကျ ဖို့ အချိန်ယူ ရအုံးမှာ ဆိုတော့။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ဟာ အခု ချိန်မှာ ခြသေ့င်္ပြာ တပ်သား ပါ။ ပရိတ်သတ်တွေ ပျော်နေတာတွေ့ ရတဲ့ အတွက် ကျေနပ် မိပါတယ်။ အသင်းဖေါ် တွေနဲ့ နည်းပြ ရဲ့ အောင်မြင်မှု ကိုလဲ ဝမ်းမြောက်မိ ပါတယ်။ ဒီအောင်မြင်မှု တွေမှာ ကျွန်တော့် အတွက် ဝေစုဟာ အရမ်းနည်း နေစေ အုံးတော့၊ အခုချိန်မှာ ဒီပမာဏ နဲနဲလေး ကိုပဲ အငမ်းမရ ဖမ်းဆုပ် ထားမိပါတယ်။ “ချယ်ဆီး အသင်းနဲ့ ပရိတ်သတ်တွေ နောက်နှစ်တွေ မှာ အခုထက် ပိုတဲ့ အောင်မြင် ပျော်ရွှင်မှုတွေ ရရှိနိုင်ပါစေကြောင်း” တိတ်တခိုး ဆုတောင်း ရင်းနဲ့ပေါ့။ ကျွန်တော် ချယ်ဆီး ပရိတ်သတ်တွေ ကို အရမ်း ချစ် ပါတယ်။ ကဲ.. စကားကောင်း နေတာနဲ့ အချိန်တောင် အတော်လင့်နေပြီ ဗျာ။ ကျွန်တော် သွားတော့မယ်။ နောက်ဆုံး အနေနဲ့ တစ်ခုလောက် အကူအညီ တောင်းပါ ရစေ။ ကျွန်တော့်ရဲ့ ဆုတောင်း ကို….။
Myanmar Striker မှ တဆင့်….
“တီ.တီ..တီ..တီ” အဆက် မပြတ်မြည် လာတဲ့ တယ်လီဖုန်း သံကြောင့် သူ့ ခံစားချက်တွေ ရင်ဖွင့်နေ တဲ့ တောရက်စ် မြင်ကွင်း ထဲက နေ ရုတ်တရက် ပျောက်သွား ပါတယ်။ ဖုန်းကို ပိတ်ရင်း အနီး ပတ်ဝန်းကျင် မှာ ကမန်းကတမ်း ရှာဖွေမိပေမယ့် သူ့ ကို လုံးဝ မတွေ့ တော့ ပါဘူး။ အတန်ကြာ လို့ အသိစိတ် ဟာ ခန္ဓကိုယ်နဲ့ တသားထဲ ဖြစ်သွားတော့ မှ  ခုနက ကြည့် ခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အပြီး အိပ်ပျော် သွားချိန်မှာ သနားစရာ ကောင်းတ တောရက်စ်ကို စိတ်စွဲပြီး အိပ်မက် မက်နေတဲ့ ကိုယ့်ရဲ့ အဖြစ်ကို သိလိုက် ပါတယ်။ တောရက်စ် ဘာ အကူအညီ တောင်းချင် ပါလိမ့်။ “ကျွန်တော့် ရဲ့ ဆုတောင်း ကို ချယ်ဆီးပရိတ်သတ်တွေ အားလုံး သိအောင် ကူညီပေး ပါ” လို့များ ပြောလေ မလား။ ဒီအတွေးနဲ့ အတူ သူ့ ရဲ့ ဆုတောင်းကို စာစီကုံးပြီး Myanmar Striker ကနေ တဆင့် ချယ်ဆီး ပရိတ်သတ်တွေ အားလုံးကို မျှဝေမယ် လို့ ဆုံးဖြတ်ရင်း ဘေးနား က Laptop ခလုတ်ကို ဖွင့်လိုက် ပါတယ်။ “ ကျွန်တော်လဲ ခင်ဗျား ကိုချစ်တယ် ဖာနန်ဒို” လို့တီးတိုး ရေရွှတ်ရင်း နဲ့ပေါ့။
-
ရေးသားသူ – STW
0 comments:
Post a Comment