Friday, 25 May 2012

ယူရို၂၀၁၂ ပြိုင်ပွဲကို ပရိသတ်တွေ ဘာကြောင့် စိတ်ဝင်စားကြသလဲ

(၂၀၁၂)ခုနှစ်၊ ဥရောပ ဖလား ဘောလုံး ပြိုင်ပွဲကြီး စတင်ဖို့ တစ်စထက် တစ်စ နီးကပ် လာနေပြီ ဖြစ်ပါတယ်။ ဥရောပ နိုင်ငံ အသီးသီးက အမှတ်ပေး ပွဲစဉ်တွေ ပြီးဆုံး သွားပေမယ့် ထိပ်တန်း ဘောလုံး သမားတွေဟာ မိခင်နိုင်ငံ အသင်းတွေကို ကိုယ်စားပြုပြီး ဥရောပ ဖလားမှာ ၀င်နွှဲဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဘောလုံး ပရိသတ်တွေကလည်း ဥရောပရဲ့ အခမ်းနား၊ အကြီးကျယ်ဆုံး ဘောလုံး ပြိုင်ပွဲကြီးမှာ အူလှိုက်သည်းလှိုက် အားပေးဖို့ တက်ကြွ နေကြပြီလို့ ဆိုနိုင်ပါတယ်။ ပိုလန်နဲ့ ယူကရိန်းတို့မှာ ပူးတွဲကျင်းပမယ့် ပြိုင်ပွဲကြီးကို ပရိသတ်တွေ စိတ်ဝင်စားမှု အရှိန်အဟုန် မြင့်သည်ထက် မြင့်တက် လာစေတဲ့ အကြောင်းတရား (၁၅)ခုကို Four Four Two မဂ္ဂဇင်းက ခုလိုမျိုး အစထုတ် ဖော်ပြလိုက်ပါတယ်။


၁။ ဘယ်သူမဆို ဗိုလ်စွဲနိုင်တယ်
ဥရောပ ဖလား ဘောလုံး ပြိုင်ပွဲတိုင်းရဲ့ အဓိက ၀ိညာဉ် တစ်ခုက ပြိုင်ဆိုင်မှု ပြင်းထန် လွန်းတာပဲ ဖြစ်ပါတယ်။ (၁၆)သင်းသာ ကစားခွင့် ရတဲ့ ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ ခြေစစ်ပွဲ အဆင့်ဆင့်ကို ဖြတ်သန်း လာတဲ့နောက် လက်ကျန် အသင်း အားလုံးဟာ သူ့အစွယ်နဲ့ သူချည်းပါပဲ။ ဒါကြောင့် ဥရောပ ဖလား ပြိုင်ပွဲမှာ ဘယ်အသင်း မဆို ဗိုလ်စွဲနိုင်တယ်လို့ ဆိုရင် မလွန်ပါဘူး။ (၂၀၀၄)ခုနှစ်က ဂရိအသင်းဆိုတာ အုပ်စုမှာတောင် အိမ်ဖြည့် အဆင့်လောက် သတ်မှတ် ခံရပေမယ့် ဥရောပ ချန်ပီယံ ဖြစ်ခွင့် ရခဲ့တယ်။ (၁၉၉၂)ခုနှစ်က ချန်ပီယံ ဒိန်းမတ်နဲ့ (၁၉၇၆)ခုနှစ် ချန်ပီယံ ချက်တို့ဟာလည်း ပြိုင်ပွဲမှာ လုံးဝ ရေပန်း မစားတဲ့ အသင်းတွေပါ။ ဥရောပ ဖလားဟာ (၁၃)ကြိမ်မှာ ချန်ပီယံ (၉)သင်း ထွက်ပေါ်စေခဲ့တယ်။ စပိန်၊ ဂျာမနီနဲ့ ပြင်သစ်တို့သာ (၁)ကြိမ်ထက် ပိုပြီး ဗိုလ်စွဲ ခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီနှစ် ပြိုင်ပွဲမှာလည်း ဒဿမမြောက် ချန်ပီယံ အသင်းသစ် တစ်ခုခု ထွက်ပေါ် လာရင်လည်း အံ့ဩစရာ မရှိပါဘူး။


၂။ ဆလာဗက်နဲ့ ဆလက်ဗ်ကို

ပုံမှန်အားဖြင့် ကမ္ဘာပေါ်မှာ အခမ်းနားဆုံး ဘောလုံးပြိုင်ပွဲကြီးတွေ ကျင်းပတဲ့အခါ လာဘ်ကောင် အရုပ်လေးတွေ တီထွင်လေ့ ရှိကြပါတယ်။ (၂၀၁၂)ခုနှစ်၊ ဥရောပ ဖလားအတွက် လာဘ်ကောင်လေးတွေကတော့ ဆလာဗက်နဲ့ ဆလက်ဗ်ကိုတို့ပါ။ ယူကရိန်းနဲ့ ပိုလန်တို့ကို ကိုယ်စားပြုတဲ့ အရုပ်လေးတွေဟာ တရားဝင် အတည်ပြု ရွေးချယ်ခဲ့စဉ် ကတည်းက ပရိသတ်တွေရဲ့ နှစ်သက်မှုကို ခံယူနိုင်ခဲ့ပါတယ်။ ဆလာဗက်က ပိုလန်ကို ကိုယ်စားပြုတယ်။ နောက်ပြီး ဆလက်ဗ်ကိုက ယူကရိန်း အတွက်ပေါ့။ ဒီအရုပ်လေးတွေကလည်း (၂၀၁၂)ခုနှစ်၊ ဥရောပ ဖလားရဲ့ လှပခမ်းနားတဲ့ ဖမ်းစားမှုလေးတွေ ဖြစ်နေမှာပါ။

၃။ FIFA စွက်ဖက်လို့ မရတဲ့ပွဲ
ဥရောပ ဖလား ပြိုင်ပွဲတွေရဲ့ ရပ်တည်မှုဟာ ထူးခြားပါတယ်။ ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA)ကပဲ ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်း အားလုံးကို ကိုင်တွယ် ဆုံးဖြတ်တယ်။ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် (FIFA)က ဒီပြိုင်ပွဲမှာ ဘာမှ ဩဇာပေး စွက်ဖက်လို့ မရပါဘူး။ နေရာတကာ ဩဇာ ပေးချင်တဲ့ FIFA ဥက္ကဋ္ဌကြီး ဆပ်ဘလတ္တာ အနေနဲ့ ကမ္ဘာ အရပ်ရပ်က ဘောလုံး ပရိသတ်တွေ အားလုံးကို ဆွဲဆောင် ဖမ်းစားနိုင်တဲ့ ပြိုင်ပွဲကြီး တစ်ခုမှာ သူ့ရဲ့ အရှိန်အ၀ါ သက်ရောက်ခွင့် မရတဲ့အပေါ် အံတကြိတ်ကြိတ် ဖြစ်နေပါမယ်။ UEFAဟာ အခြေခံအရ FIFAထက် ရပ်တည်ချက် ပိုပြတ်သားတတ်သလို အဓိပ္ပါယ် ရှိတဲ့ ရွေးချယ်မှုတွေ လုပ်ပြခဲ့ပါတယ်။ (၂၀၁၂)ခုနှစ် ပြိုင်ပွဲကတော့ အသင်းအရေအတွက် ကျစ်ကျစ်လစ်လစ်နဲ့ ရင်ခုန်စရာ ကောင်းနေမှာပါ။ (၂၀၁၆)ခုနှစ် ပြိုင်ပွဲမှာ အသင်း အရေအတွက် (၂၄)သင်းထိ တိုးလိုက်တာကတော့ UEFA ရဲ့ ခြေလှမ်း မှန်မမှန် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

၎။ လူကြိုက်များနိုင်တဲ့ ဘောလုံး
ကမ္ဘာ့ဖလားနဲ့ ဥရောပဖလားလို ပြိုင်ပွဲတွေ ကျင်းပတိုင်း ဘောလုံးနဲ့ ပတ်သက်လို့ စောဒက တက်မှုတွေကို ခဏခဏ ရင်းနှီး ခဲ့ပြီးပါပြီ။ ပေါ့လွန်းလို့၊ လေးလွန်းလို့၊ လမ်းကြောင်း ပြောင်းတတ်လွန်းလို့ စသဖြင့် မျိုးစုံ ပြောခဲ့ကြပါတယ်။ (၂၀၁၀) ကမ္ဘာ့ ဖလားတုန်းက ဂျာဘူလာနီ ဘောလုံးဟာ ပေါ့ပါးလွန်းတို့ တိုက်စစ်မှူးတွေ ကန်လိုက်တိုင်း မိုးပေါ် ထောင်နေတယ်လို့ ဝေဖန်သံတွေ ထွက်ပေါ်လာသေးတယ်။ ခုတော့ Adidas ဟာ ဥရောပဖလား အတွက် Tango 12ကို ဖန်တီးခဲ့ပါပြီ။ ကမ္ဘာပေါ်မှာ ထုတ်လုပ် ရောင်းချဖူးသမျှ ဘောလုံး အားလုံးမှာ Tango 12ဟာ စစ်ဆေးမှု အကြိမ် အရေအတွက် အများဆုံး ပြုလုပ်ခြင်း ခံရတယ်ဆိုတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင် ထားပါတယ်။ ဂျာမနီ အားကစားပစ္စည်း ကုမ္ပဏီကြီးဟာ Tango 12ကို စက်ရုပ်ခြေထောက်တွေနဲ့ ကန်ခိုင်းပြီး လမ်းကြောင်း အတိအကျ မရှိအောင် အကြိမ်ကြိမ် ပြုပြင် မွမ်းမံခဲ့တယ်။ ဒီဘောလုံးကိုတော့ ဥရောပဖလား ပြိုင်ပွဲဝင် ကြယ်ပွင့် ကစားသမားတွေ အကြိုက်တွေ့မယ်လို့ ယူဆရပါတယ်။

၅။ နိုင်ငံရေးနဲ့လည်း နည်းနည်းနွယ်တယ်
နိုင်ငံရေးနဲ့ နွယ်တယ် ဆိုတာက ကမ္ဘာ့သမိုင်း တစ်လျှောက်လုံး နိုင်ငံရေး အားပြိုင်မှုတွေ ရှိဖူးတဲ့ ပြိုင်ဘက်တွေပါ တွေ့ဆုံနေတာကို ဆိုလိုတာပါ။ ပရိသတ်တွေ အနေနဲ့ ဘောလုံးပွဲရဲ့ အနိုင်အရှုံးကို မူတည်ပြီး အားပေးဖို့ အဓိက ထားမယ် ဆိုဦးတော့၊ ပတ်ဝန်းကျင်မှာ ဖြစ်ပျက် ဆက်နွယ်နေတဲ့ နိုင်ငံရေး အမြင်တချို့ကလည်း သူတို့စိတ်ထဲမှာ ရှိနေနိုင်တာပဲ မဟုတ်လား။ ပြင်သစ်နဲ့ အင်္ဂလန်တို့ဟာ ဥရောပ ယူနီယံ ထိပ်သီး တွေ့ဆုံဆွေးနွေးပွဲမှာ မပြေလည်မှု နည်းနည်း ရှိခဲ့တယ်။ ကွန်မြူနစ် နိုင်ငံတွေ အနေနဲ့ ရပ်တည်ခဲ့ဖူးတဲ့ ရုရှားနဲ့ ပိုလန်တို့ရဲ့ ရင်ဆိုင်မှုကလည်း စိတ်ဝင်စားစရာပါ။ ပြီးတော့ အိမ်ရှင် ယူကရိန်းမှာ ထောင်ဒဏ် ကျခံထားရတဲ့ ၀န်ကြီးချုပ်ဟောင်း ယူလီယာ တိုင်မိုရှန်ကို ဥရောပဖလား မတိုင်ခင် ပြန်မလွတ်လာရင် ဥရောပ ယူနီယံက ပြိုင်ပွဲအပေါ် သပိတ်မှောက်ဖို့ စီစဉ်နေတယ်လို့လည်း သတင်းတချို့ ထွက်ပေါ်နေပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ပွဲစဉ်တိုင်းမှာတော့ တစ်ဖက်မှာ (၁၁)ယောက်စီ ပါဝင်တဲ့ တပ်မတော်နှစ်ခု ရင်ဆိုင်စစ်ပြုရင်း အနိုင်ရလဒ်ကို ရှာဖွေကြမှာပါပဲ။ အားကစားရဲ့ အမြုတေ၊ အနှစ်သာရမှာတော့ နိုင်ငံရေး လွှမ်းမိုးမှု ကင်းစင်နေပါလိမ့်မယ်။

၆။ အချိန်ကောင်းမှာ ကစားမယ်

ဒီအချက်ကို Four Four Twoက ထည့်သွင်းတွက်ချက် ထားပေမယ့် အာရှတိုက်က ပရိသတ်တွေနဲ့တော့ တိုက်ရိုက် မပတ်သက်ပါဘူး။ ဥရောပမှာတော့ ပွဲကြည့်လို့ ကောင်းတဲ့ အချိန်မျိုးမှာ ကစားကြမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားကို အာဖရိကတိုက်မှာ ကျင်းပတုန်းက ဥရောပက ဘောလုံး ၀ါသနာအိုးတွေ တော်တော် အိပ်ရေး ပျက်ခဲ့ကြတယ်။ နောက်ပြီး မနက်ပိုင်းလည်း အလုပ်နောက်ကျလို့ ပြဿနာ တော်တော် တက်ခဲ့ကြတယ်။ ယူကရိန်းနဲ့ ပိုလန်မှာ ကျင်းပမယ့် ပြိုင်ပွဲကတော့ ဗြိတိန်နဲ့ ဥရောပ တလွှားက ပရိသတ်တွေ ဘ၀င်ခွေ့မယ့် အချိန်မျိုးပေါ့။ ဒါကြောင့် ဥရောပမှာတော့ ကမ္ဘာ့ဖလားထက်တောင် စောင့်ကြည့်သူ အရေအတွက် ပိုများလာနိုင်ပါတယ်။

၇။ ဆန်းဆန်းပြားပြား ဆန္ဒပြမှုတွေ
(၂၀၁၂)ခုနှစ်၊ ဥရောပဖလား ပြိုင်ပွဲ မစတင်ခင် ယူကရိန်းမှာ ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ထူးထူးဆန်းဆန်း ဆန္ဒပြမှု တချို့က ဒီပြိုင်ပွဲအပေါ် လူစိတ်ဝင်စားမှုကို မြင့်တက် လာစေပါတယ်။ ယူကရိန်းက အမျိုးသမီးတွေက ဘောလုံးပရိသတ်တွေ အုံနဲ့ကျင်းနဲ့ စီးဝင်လာတဲ့ ကာလတွေမှာ သူတို့နိုင်ငံကို လိင်ဝန်ဆောင်မှု လုပ်ငန်း ထိုးဖောက် စိမ့်ဝင်ပြီး ပေါ်ပေါ်ထင်ထင် ဖြစ်လာမှာကို မလိုလားကြပါဘူး။ ဒါကြောင့် ယူကရိန်း လှပျိုဖြူ တချို့ဟာ ဥရောပဖလားမှာ ပြည့်တန်ဆာ လုပ်ငန်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်မလာစေချင်ကြောင်း ဆန္ဒပြကြပါတယ်။ ဆန္ဒပြပုံက တော်တော် ဆန်းပါတယ်။ မိန်းကလေးတွေဟာ အပေါ်ပိုင်း ဗလာကျင်းပြီးတော့ သူတို့ရဲ့ လိုလားချက်၊ ကန့်ကွက်ချက်တွေ ရေးထားတဲ့ စာတန်းတွေကို ကိုင်ပြကြပါတယ်။ ၀ိုင်းအုံကြည့်တဲ့ လူတွေကလည်း ကြည့်၊ ဓာတ်ပုံရိုက်တဲ့ သတင်းထောက်တွေကလည်း ရိုက်ပေါ့။ နောက်ဆုံး ရဲတွေက အမျိုးသမီးတွေကို သူတို့ဆန္ဒပြနေရာက အတင်းဖယ်ရှားခဲ့မှ ဇာတ်လမ်း ပြီးခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုဖြစ်စဉ်တွေကြောင့် ယူကရိန်းကို အရောက်သွားဖို့ ဘောလုံးပရိသတ် အမျိုးသားတွေ ပိုတောင် တက်ကြွလာမလားလို့ တွေးချင်စရာပါပဲ။

ဆက်လက် ဖော်ပြပါမည်။
မှတ်ချက်။   ။ SM Journal Vol.1 No.31 မှ ဆောင်းပါးအား ပြန်လည်ဖော်ပြပေးထားခြင်း ဖြစ်ပါသည်။

0 comments:

Post a Comment