Friday, 25 May 2012

နူးညံ့တဲ့ အပြာရောင် ခြင်္သေ့ (သို့) လိမ္မော်ရောင် နိုင်ငံသား ဒရော့ဂ်ဘာ

ဒီဒီယာ ဒရော့ဂ်ဘာ လို့ ဆိုလိုက် ရင် လူကောင် ခပ်ထွားထွား၊ ထီ မထင်တဲ့ မျက်နှာနဲ့ ပြိုင်ဘက် အသင်းတွေရဲ့ ခံစစ်ကြောင်း ကို ဒုက္ခ တစ်မျိုးမဟုတ် တစ်မျိုး ပေးတတ် တဲ့ အာဖရိက သားကြီးကို ချက်ချင်း မြင်ယောင် မိကြမှာပါ။ ရက်စက်ကြမ်းတမ်း တဲ့ ရုပ်ရည်နဲ့ ပြိုင်ဘက်တွေ ကို အညှာ အတာ မဲ့ ဂိုးတွေ တဒိုင်းဒိုင်း သွင်းပြ တတ်တဲ့ ဒရော့ဂ်ဘာမှာ နူးညံ့တဲ့ နှလုံးသား တစ်ခု ပိုင်ဆိုင် ထားတယ် ဆိုတာ ကတော့ သတိထားမိတဲ့ ပရိသတ် အနည်း အကျဉ်းလောက်ပဲ ရှိ ပါတယ်။
ဒရော့ဂ်ဘာရဲ့ အရည်အသွေး
အိုင်ဗရီကို့စ် နိုင်ငံသား ဒရော့ဂ်ဘာ ဟာ အေဘရာမိုဗစ်ခ်ျရဲ့ အပြာရောင် ရိုမန် အင်ပါယာထဲမှာ အခြေချ ကျင်လည် ကျက်စားနေ ခဲ့တာ ခုနှစ် သက္ကရာဇ်နဲ့ ဆိုရင် (၈)နှစ်တင်းတင်း ပြည့်တော့ မှာပါ။ ဒီလို (၈)နှစ်တာ ကာလ အတွင်းမှာ ဒရော့ဂ်ဘာ ရဲ့ အရည် အသွေးဟာ သံသယ ဖြစ်စရာ မရှိခဲ့ပါဘူး။ အထူး သဖြင့် ချယ်လ်ဆီး အသင်းကို ငွေကြေး ဥစ္စာကြောင့် မဟုတ်ဘဲ အောင်မြင်မှု သက်သက် အတွက် ရင်းနှီးမြုပ်နှံနေ တဲ့ ရိုမန် အေဘရာမိုဗစ်ခ်ျ ရဲ့ လက်အောက်မှာ ထိုက်သင့်တဲ့ အရည်အချင်း မရှိရင်တော့ (၈)နှစ် ဆိုတဲ့ အချိန် ကာလထိ ဘယ် ကစားသမားမှ ဖြတ်သန်းနိုင် စရာ မရှိဘူးလေ။ ကြွယ်ဝ ချမ်းသာမှုတွေ ပြည့်လျှံနေတဲ့ ရိုမန်ဟာ လျော်ကြေးချည်း သက်သက် ပေါင် (၁၃)သန်း နီးပါး ပေးခဲ့ရတဲ့ ပေါ်တို နည်းပြဟောင်း ဗီးလက်စ် ဘိုးအားစ် ကိုတောင် (၈)လလောက်ပဲ အချိန်ပေးပြီး အဆင် မပြေတဲ့ အခါ ချက်ချင်း ထုတ်ပစ်တဲ့ အထိ အသင်းရဲ့ အောင်မြင်မှု ကို လိုလား တပ်မက် ခဲ့သူ မဟုတ်လား။
ဒါကြောင့်လည်း ချယ်လ်ဆီး ရဲ့ တိုက်စစ်မှူး နေရာဟာ လူ သတ်ကွင်း၊ တစ်နည်း အားဖြင့် တိုက်စစ်မှူးတွေ ရဲ့ အရည်အသွေး ကို မှတ်ကျောက်တင် ခံရတဲ့ အလျော် အစား ကြီးကြီးနဲ့ လောင်း ကစားပွဲ တစ်ခု ဖြစ်မှန်း မသိ ဖြစ်လာ ခဲ့တယ်။ အဲဒီလို သားရဲတွင်း ထဲမှာ (၈)နှစ်တိတိ ကျင်လည် ကျက်စားလာခဲ့ရင်း အသင်းဖော် လို့ ဆိုရမယ့် တွဲဖက် တိုက်စစ်မှူးတွေသာ တစ်ယောက်ပြီး တစ်ယောက် ပြောင်းလဲ ခဲ့ပေမယ့် ဒရော့ဂ်ဘာ ကတော့ ချယ်လ်ဆီး ရဲ့ အခိုင်အမာ တိုက်စစ်မှူးအဖြစ် ဆက်ရှိနေ ခဲ့ပါတယ်။ ခရက်စ်ပို၊ မူတူး၊ ဂတ်ဒ်ဂျွန်ဆင် တို့ကနေ စတင်ပြီး ရိုမန်နဲ့ ပုဂ္ဂိုလ်ရေး အရပါ ခင်မင်နေတဲ့ အင်ဒရေ ရှက်ချင်ကိုနဲ့ နောက်ဆုံး အင်္ဂလန် ဈေး အကြီးဆုံး ကစားသမား အဖြစ် စံချိန် တင်နိုင် ခဲ့တဲ့ စပိန် မင်းသားလေး ဖာနန်ဒို တောရက်စ် အထိ ဘယ်သူမှ ဒရော့ဂ်ဘာ ရဲ့ ပွဲထွက် ကစားသမား နေရာကို မလုယူနိုင် ခဲ့ကြပါဘူး။
ဒါဟာ ဒရော့ဂ်ဘာ ရဲ့ အရည်အသွေး အစစ်အမှန် ကို အကောင်းဆုံး ရေးထိုးနိုင် ခဲ့ခြင်းပါ။ ချယ်လ်ဆီး မှာ ဒရော့ဂ်ဘာရဲ့ တစ်ဦးချင်း စံချိန်တွေက များပြား လွန်းလှလို့ အားလုံး ကို ပါဝင်နေအောင် ဂုဏ်ပြုရေးသား ပြဖို့ မလွယ်ကူ တဲ့ အထိ ပါပဲ။ သူဟာ အပြာရောင် ခြင်္သေ့တွေ ကို ကိုယ်စားပြုပြီး ပွဲပေါင်း (၃၄၁)ပွဲ ကစား ခဲ့သလို (၁၅၇)ဂိုး အထိ သွင်းယူ ပေးထားနိုင်ခဲ့ ပါတယ်။ ဒါဟာ ချယ်လ်ဆီး အသင်းရဲ့ သမိုင်း တစ်လျှောက် ဂိုးသွင်း အများဆုံး ကစားသမားတွေထဲ မှာ စတုတ္ထ အဆင့်မှာ ရှိနေ ပါတယ်။ ပြီးတော့ ချယ်လ်ဆီးရဲ့ နိုင်ငံခြား ကစားသမားတွေ ထဲ မှာ ဆိုရင်တော့ သူဟာ ဂိုးသွင်း ဘုရင်ပါပဲတဲ့။ ပရီးမီးယားလိဂ် သမိုင်းနဲ့ ချီပြီး ပြောမယ် ဆိုရင်တော့ ပရီးမီးယားလိဂ်မှာ ပထမဆုံး ဂိုး(၁၀၀)ပြည့်အောင် သွင်းယူနိုင် ခဲ့တဲ့ ပထမဆုံး အာဖရိက ကစားသမား ဟာ ဒီဒီယာ ဒရော့ဂ်ဘာ ဖြစ် ပါတယ်။
ပရော်ဖက်ရှင်နယ်  ခရီးကြမ်း
အမှန်တော့ အခုလို အောင်မြင်တဲ့ ကစားသမား တစ်ဦး ဖြစ်လာ ရန် ရုန်းကန်ဖြတ်သန်း လာ ခဲ့ရတဲ့ ဒရော့ဂ်ဘာ ရဲ့ ဘောလုံးသမား ဘဝ ခရီးဟာ ကြမ်းတမ်း လွန်းခဲ့ ပါတယ်။ အသက် (၂၁)နှစ် အရွယ် အထိ ပရိုစာချုပ် ချုပ်ဆိုနိုင် ခဲ့ခြင်း မရှိတဲ့  ဒရော့ဂ်ဘာ ပေါက်စလေး ဟာ အသက် (၃၄)နှစ် အရွယ်မှာ ဥရောပ ချန်ပီယံလိဂ် သရဖူကို ဆွတ်ခူးနိုင်လိမ့်မယ် လို့ ဘယ်သူ ကမှ ထင်မြင်ချက် ပေးရဲ ခဲ့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူဟာ ကစားသမား ဘဝရဲ့ အောင်မြင်မှု ကို တစ်ထစ်ချင်း တက်လှမ်း ရယူ ခဲ့ပါတယ်။
ဒရော့ဂ်ဘာ ဟာ သူ့ရဲ့ ကစားသမား ဘဝမှာ အောင်မြင်မှုတွေ ကို လွယ်လွယ်လေးနဲ့ ဘယ်တော့မှ မရရှိ ခဲ့ပါဘူး။ တခြား ဘောလုံးသမားတွေ လို ငယ်ငယ် ရွယ်ရွယ်နဲ့ ထူးချွန် ပေါက်မြောက်ပြီး နာမည်ကြီး လာ ခဲ့တဲ့ ဘောလုံးသမား မဟုတ်တဲ့ ဒရော့ဂ်ဘာ တစ်ယောက် ကမ္ဘာ့ ဘောလုံး စင်မြင့်ထက်ပေါ် ရောက်ရှိ လာပြီလို့ ညွှန်းဆိုနိုင် တဲ့ အချိန်ဟာ ပြင်သစ် ထိပ်သီး ကလပ် မာဆေးလ်နဲ့ အတူ ယူအီး အက်ဖ်အေ ပြိုင်ပွဲမှာ ဒုတိယ ရရှိ ခဲ့တဲ့ အချိန်ပါပဲ။ ဒီ အချိန်မှာ သူဟာ အသက် (၂၆)နှစ် အရွယ် ရှိနေ ပါပြီ။
မာဆေးလ် အသင်း မှာ တစ်ရာသီပဲ ကစားပေး  ခဲ့ရပေမယ့် ဒရော့ဂ်ဘာ ဟာ ခြေစွမ်းပြပြီး ဂိုးတွေ သွင်းနိုင် ခဲ့တယ်။ ဒါပေမယ့် မာဆေးလ် ဟာ ယူအီးအက်ဖ်အေ ဖလား ဖိုင်နယ်မှာ လီဗာပူးလ် နည်းပြ ဖြစ် လာမယ့် ရာဖေးလ် ဘင်နီတက်ဇ် ကိုင်တွယ် ခဲ့တဲ့ ဗလင်စီယာ ကို (၂)ဂိုး ပြတ်နဲ့ အရေးနိမ့်ပြီး ဒုတိယ နေရာနဲ့ သာ ကျေနပ် ခဲ့ရပါတယ်။ ဒီဖြစ်ရပ် ဟာ ထိပ်တန်း အဆင့် ဖလားပြိုင်ပွဲတွေမှာ လွယ်လွယ်နဲ့ မအောင်မြင်တတ် တဲ့ ဒရော့ဂ်ဘာ ရဲ့ သမိုင်းကြောင်းကို စတင် ဖြစ်တည်စေ ပါတယ်။
အဲဒီနောက် မော်ရင်ညို ရဲ့ အပြာရောင် ခြင်္သေ့ တပ်သား ဖြစ်လာ ခဲ့တဲ့ ဒီဒီယာဟာ ပရီးမီးယားလိဂ်၊ အက်ဖ်အေနဲ့ ကားလင်း ဖလားတို့ကို အစုံအလင် ရရှိ ခဲ့ဖူးပေမယ့် အမြင့်ဆုံး ရည်မှန်းချက် ဖြစ်တဲ့ ဥရောပ ချန်ပီယံလိဂ် သရဖူနဲ့တော့ လွဲချော်နေ ဆဲပါပဲ။ (၂၀၀၈)ခုနှစ်၊ မော်စကို မှာ ချယ်လ်ဆီး အသင်းနဲ့ အတူ ချန်ပီယံလိဂ် ဖိုင်နယ်ကို ဆင်နွှဲခွင့် ရခဲ့ပေမယ့် အချိန်ပို ဒုတိယပိုင်း အရောက်မှာ အနီကတ်ပြ ထုတ်ပယ်ခြင်း ခံခဲ့ ရပြီး ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်း ခွင့်ကို လွဲချော် ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက် ကို အရှုံးပေး ခဲ့ရပြန်ပါတယ်။ ဒါပေမဲ့ တစ်ကြိမ် လဲကျတိုင်း ဒရော့ဂ်ဘာရဲ့ ယုံကြည်မှုတွေဟာ ကျဆင်း မသွား ခဲ့ဘဲ ပိုပြီး ခိုင်မာလာ ခဲ့ပါတယ်။
အနီးစပ်ဆုံး တွေ့မြင်လိုက် ရပေမယ့် လက်နဲ့ ထိခွင့် မရလိုက်တဲ့ ဥရောပ ချန်ပီယံလိဂ် ဖလား ကို နောက်တစ်ကြိမ် ကြိုးစားခွင့် ရရှိလာ ခဲ့တာကတော့ (၂၀၁၂)ခုနှစ်၊ မေလ (၁၉)ရက်နေ့မှာ ပါ။ ချယ်လ်ဆီး အသင်း အတွက် နောက်ကျ ချေပဂိုး တစ်ဂိုး ကို သွင်းယူပေးပြီး အသက်ကယ်ပေးနိုင် ခဲ့တဲ့ ဒရော့ဂ်ဘာ ဟာ ချန်ပီယံလိဂ် ချန်ပီယံ အဖြစ် မော်ကွန်းတင်နိုင်မယ့် နောက်ဆုံး ပင်နယ်တီ လည်း သွေးအေး တည်ငြိမ်စွာ ကန်သွင်းပြခဲ့ကာ စိတ်ဓာတ် မာကျောလှ ပါတယ် ဆိုတဲ့ ဂျာမန်သားတွေ ကို သူတို့ရဲ့ အိမ်ကွင်း မှာပဲ မျက်ရည်ဖြိုင်ဖြိုင် ကျဆင်းစေခဲ့ ပါတယ်။ ပင်နယ်တီဂိုး သွင်းယူ အပြီးမှာ ခံစားချက်တွေ ပြည့်လျှံနေတဲ့ ဒရော့ဂ်ဘာရဲ့ ပျော်ရွှင်မှု ကတော့ ပင်နယ်တီ မကန်ခင်တုန်းက တည်ငြိမ်မှုမျိုး ရှိခဲ့တယ် ဆိုတာ ယုံဖို့ ခက်လောက်အောင် ထက်သန်နေ ခဲ့ပါတယ်။
အိုင်ဗရီကို့စ် လက်ရွေးစင်လည်း ဖြစ်တဲ့ ဒရော့ဂ်ဘာ ဟာ ဆောင်းပါး အစပိုင်းမှာ ပြောခဲ့တဲ့ အတိုင်း ထိပ်သီး အဆင့် ဖလားပြိုင်ပွဲတွေ ဖြစ်တဲ့ ကမ္ဘာ့ဖလားနဲ့ အာဖရိက ဖလားတို့ မှာလည်း အောင်မြင်မှု ရယူဖို့ ကြိုးပမ်းနေရဆဲ ဆိုတာ ကို တွေ့ရ ပါတယ်။ (၂၀၀၆)ခုနှစ် ကမ္ဘာ့ဖလားနဲ့ (၂၀၁၀)ခုနှစ် ကမ္ဘာ့ဖလား နှစ်ကြိမ်လုံးမှာ ခြေစွမ်းကောင်းမွန်တဲ့ အသင်း တစ်သင်း အနေနဲ့ သတ်မှတ်ခံ ခဲ့ရတဲ့ အိုင်ဗရီကို့စ် ဟာ Group of Death လို့ ခေါ်ဆိုနိုင်တဲ့ သေမင်းတမန် အုပ်စုတွေမှာ ပဲ နှစ်ကြိမ် ဆက်တိုက် ဆင်းသက် ခဲ့ရပါတယ်။ The Elephants လို့ နာမည်ပြောင် ပေး ခံရတဲ့ အိုင်ဗရီကို့စ် အသင်း ဟာ ပထမ အကြိမ်မှာ ဟော်လန်နဲ့ အာဂျင်တီးနား ကို မကျော်ဖြတ်နိုင် ခဲ့သလို၊ ဒုတိယ အကြိမ်မှာလည်း ဘရာဇီးလ်နဲ့ ပေါ်တူဂီတို့ ကို အရှုံးပေး ခဲ့ရပြီး အုပ်စု အဆင့်ကနေ လက်ပြနှုတ်ဆက် ခဲ့ရတာ ကတော့ ကံကြမ္မာရဲ့ ထိုးနှက်မှု ကို အပြစ်ဖွဲ့ရုံ သာ ရှိပါတော့တယ်။
ဒါ့အပြင် အာဖရိက ဖလားပြိုင်ပွဲ မှာ လည်း ဒရော့ဂ်ဘာ ဟာ အိုင်ဗရီကို့စ် ကို ကိုယ်စားပြုပြီး ဗိုလ်လုပွဲ ကို နှစ်ကြိမ် တက်ရောက် ခဲ့ပေမယ့် နှစ်ကြိမ်လုံး မှာ အီဂျစ်နဲ့ ဇမ်ဘီယာ ကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် သာ အသီးသီး ရှုံးနှိမ့် ခဲ့ရပြီး ဒုတိယ အနေနဲ့သာ ကျေနပ် ခဲ့ရပါတယ်။ ခုလိုမျိုး ဆုဖလားနဲ့ အနီးကပ် လွဲချော်မှုတွေ ဘယ်လောက်ပဲ ကြုံခဲ့စေ ဦးတော့၊ အဆုံးသတ် မှာ ချယ်လ်ဆီး အသင်းနှင့် အမြင့်ဆုံး အောင်မြင်မှုတွေ ကို ဒရော့ဂ်ဘာ တစ်ယောက် ပိုင်ဆိုင်နိုင်  ခဲ့ပါပြီ။ သူဟာ အိုင်ဗရီကို့စ် လက်ရွေးစင် အသင်း အတွက်လည်း အောင်မြင်မှု တစ်ခု မဟုတ် တစ်ခု ဆွတ်ခူးပေးနိုင်အောင် သေချာပေါက် ကြိုးစားပေးဦးမယ် ဆိုတာ သေချာ ပါတယ်။
တန်ဖိုးဖြတ်လို့ မရတဲ့ အောင်မြင်မှု
သူ့ရဲ့ ပရော်ဖက်ရှင်နယ် ဘဝ တလျှောက် အမိမြေ အတွက် ဂုဏ်ယူစရာ ဆုတံဆိပ်တွေ မဆောင်ကြဉ်းပေးနိုင်သေးတဲ့ ဒရော့ဂ်ဘာဟာ အမှန် တကယ်တော့ လူသားတိုင်း က လေးစား ရမယ့်၊ တစ်နိုင်ငံတည်း သားတွေ က ချစ်ခင်မြတ်နိုး ရမယ့် တန်ဖိုး ဖြတ်လို့ မရတဲ့ ရွှေတံဆိပ် ဆု တစ်ခုကို ဆွတ်ခူး ခဲ့ပြီးသားပါ။
ဒါဟာ ဘာလဲလို့ ဆိုရင်တော့ အချိန် ကာလ (၅)နှစ်ကျော်ကျော်လောက် ပြည်တွင်းစစ် လို ဖြစ်နေ ခဲ့တဲ့ အိုင်ဗရီကို့စ်ရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်း မသင့်မြတ်မှု ကို ဒရော့ဂ်ဘာ ဦးဆောင်တဲ့ ဘောလုံးပွဲ တစ်ပွဲက ရင်ကြားစေ့နိုင်ပေး ခဲ့မှုပါပဲ။ ပြည်တွင်း သောင်းကျန်းသူတွေ ဦးဆောင်တဲ့ မြောက်ပိုင်းနဲ့ အစိုးရ သစ္စာခံတွေ ဖြစ်တဲ့ အိုင်ဗရီကို့စ်ရဲ့ တောင်ပိုင်း ဟာ စစ်ခင်းပြီး ရန်သူတွေ အသွင်ဆောင်နေ ခဲ့ကြတာ ဟာ ဆယ်စုနှစ်ဝက်လောက် ရှိနေ ခဲ့ပါပြီ။
ဒီလို စိတ်ဝမ်းကွဲနေတဲ့ တစ်နိုင်ငံတည်း သားတွေ ကို စုစည်းပေးနိုင် ခဲ့သူ ကတော့ နိုင်ငံရေးသမား တစ်ဦး မဟုတ် သလို၊ လက်နက်ကိုင် အင်အားကြီး အဖွဲ့အစည်း တစ်ခု ကလည်း မဟုတ်ပြန် ပါဘူး။ ဘောလုံးသမား တစ်ဦးသာ ဖြစ်တဲ့ ဒရော့ဂ်ဘာ ပါပဲ။ (၂၀၀၇)ခုနှစ် ဇွန်လ (၃)ရက်နေ့မှာ အာဖရိက ဖလား ပြိုင်ပွဲရဲ့ ခြေစစ်ပွဲ တစ်ခု ဖြစ်တဲ့ အိုင်ဗရီကို့စ်-မာဒါဂတ်စ်ကား ပွဲစဉ် ကို သောင်းကျန်း သူတွေ ကြီးစိုးတဲ့ အိုင်ဗရီကို့စ် မြောက်ပိုင်းရဲ့ မြို့တော် ဖြစ်တဲ့ ဘူအာခီမြို့ မှာ ကျင်းပပေးဖို့ ဒရော့ဂ်ဘာက ဦးဆောင်ပြီး တောင်းဆို ခဲ့ပါတယ်။ အလားတူပဲ ဒရော့ဂ်ဘာ ဟာ မြောက်ပိုင်းနိုင်ငံသားတွေ ကို လက်နက်ချကာ ငြိမ်းချမ်းရေး ယူဖို့ တိုက်တွန်း ခဲ့ပြီး၊ သူတို့ရဲ့ မြို့တော်မှာ နိုင်ငံ ကိုယ်စားပြု ဘောလုံးပွဲ တစ်ပွဲ ကျင်းပပေးဖို့ ကတိပြု ခဲ့ပါတယ်။
ရန်သူတွေ လို အသွင်ဆောင်နေတဲ့ တစ်နိုင်ငံတည်း သားတွေ ရဲ့ ပြန်လည် ပေါင်းစည်းမှု ဟာ ဘောလုံးကွင်း တစ်ကွင်းထဲ မှာ ဖြစ်လို့ လာခဲ့ ပါတယ်။ သေနတ်တွေနဲ့ ပစ်ခတ်နေကြတဲ့ လူသားတွေ ကို ဒရော့ဂ်ဘာ က ဘောလုံးဆိုတဲ့ အားကစားနဲ့ နူးညံ့စွာ သိမ်းသွင်းနိုင် ခဲ့ပြီး တစ်တိုင်းပြည်လုံး ကို အေးချမ်းစေ ခဲ့ပါတယ်။ လုံခြုံရေး တာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ ဝင်ပေါင်း မြောက်များစွာ ဟာ ဘောလုံးသမားတွေ ကို ကာကွယ်ဖို့ ကွင်းထဲမှာ အသင့် ရှိနေ ခဲ့ကြတယ်။ တကယ်တမ်း ကျတော့ ဒါဟာ အစိုးရ ကို အပြင်းအထန် ဆန့်ကျင်နေတဲ့ အိုင်ဗရီကို့စ် မြောက်ပိုင်းမှာ (၅)နှစ် အတွင်း ပထမဆုံး အကြိမ် အစိုးရ ရဲတပ်ဖွဲ့ဝင်တွေ ပြန်လည် ခြေချနိုင် ခဲ့ခြင်းပါပဲ။ ပြောရရင် ဒရော့ဂ်ဘာ တို့ ကို ရဲသားတွေက စောင့်ကြပ်ပေးနေခြင်းမျိုး မဟုတ်ဘဲ ဒရော့ဂ်ဘာ ဦးဆောင်တဲ့ ဘောလုံးသမားတွေ က ရဲသားတွေ ကို လုံခြုံမှု ပေးနေ ခဲ့တာလို့ ညွှန်းဆိုမယ် ဆိုရင် လွန်မယ် မထင် ပါဘူး။
အခုလိုမျိုး နိုင်ငံ တစ်နိုင်ငံရဲ့ ပြည်တွင်း ပြန်လည် သင့်မြတ်မှုမျိုး ကို ဘောလုံးပွဲ တစ်ပွဲကနေ ဘောလုံးသမား တစ်ဦးက ပြုလုပ်ပေးနိုင် ခဲ့တယ် ဆိုတာ ရှာမှ ရှားတဲ့ အဖြစ်အပျက်မျိုး ပါ။ ဒါပေမယ့် ဒရော့ဂ်ဘာ က အောင်မြင်အောင် စွမ်းဆောင်နိုင် ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် အိုင်ဗရီကို့စ် တစ်မျိုးသားလုံး အတွက် ဒရော့ဂ်ဘာ ဟာ နတ်ဘုရား တစ်ပါး ဖြစ်မှန်း မသိ ဖြစ်လာ ခဲ့တယ်။ အမျိုးသားတွေ ဟာ ဒရော့ဂ်ဘာရဲ့ ဖက်ရှင်တိုင်း ကို အတုယူပြီး ဝတ်စား ဆင်ယင် လာကြ သလို၊ အမျိုးသမီးတွေ အတွက် ဒရော့ဂ်ဘာ ဟာ အိပ်မက်ဆန် လွန်းတဲ့ သူရဲကောင်း ဖြစ် လာတော့တယ်။ ဒရော့ဂ်ဘာ ကိုယ်တိုင် လည်း အခုလို နိုင်ငံ ပြန်လည် ငြိမ်းချမ်းရေး အတွက် စွမ်းစွမ်းတမံ ထပ်မံကြိုးပမ်း ခဲ့လို့ (၂၀၁၀)ခုနှစ် Time Magazine ရဲ့ လူသားများ ကို အလွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ် အယောက် (၁၀၀)ထဲမှာ ရွေးချယ်ခြင်း ခံခဲ့ရတဲ့  အထိ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ကို ခံ ခဲ့ရတယ်။
ဒရော့ဂ်ဘာရဲ့ ကိုယ်တိုင်ရေး နိဂုံး
အထက်မှာ ဖော်ပြ ခဲ့တဲ့ ဖြစ်ရပ်တွေ၊ အတွေ့အကြုံတွေ ဟာ ဒရော့ဂ်ဘာ ကို ပိုပြီး ရင့်ကျက် ပြည့်စုံတဲ့ လူသား တစ်ယောက် ဖြစ်လာအောင် ပုံသွန်းပေး ခဲ့ပါတယ်။ အရင်က ဟန်ဆောင် လှဲချတတ်တဲ့ အပြုအမူမျိုးတွေ ပြုလုပ်လေ့ ရှိတယ်လို့ နာမည်ထွက် ခဲ့တဲ့ ဒရော့ဂ်ဘာ ဟာ ကစားသမား ဘဝ နောင်းပိုင်းမှာ အရာရာ ပြောင်းလဲ လာခဲ့တယ်။ ပရော်ဖက်ရှင်နယ် စိတ်ဓါတ် အပြည့်နဲ့ ကြိုးစား ခဲ့သလို အသင်းက ကျဉ်းထဲကျပ်ထဲ ရောက်နေပြီ ဆိုရင် အခက်အခဲ အားလုံး ကို ဖောက်ထွက်ပေးမယ့် သူရဲကောင်း ဟာ ကျောနံပါတ် (၁၁)၀တ်ထားတဲ့ လူကောင် ထွားထွား တိုက်စစ်မှူးသာ ဖြစ်မှာပဲ လို့ ချယ်လ်ဆီး ပရိသတ်တွေ အားလုံးက ယုံကြည်ပြီး သား ဖြစ်နေတဲ့ထိ အသင်း အတွက် ပေးဆပ်ခဲ့တယ်။
သူဟာ အက်ဖ်အေ ဖလား ဖိုင်နယ် (၄)ခုမှာ ဂိုးသွင်း ယူနိုင်တဲ့ တစ်ဦးတည်းသော တိုက်စစ်မှူး ဖြစ်ပါတယ်။ ပြီးတော့ ဒီနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲ တစ်လျှောက်လုံး မှာလည်း ချယ်လ်ဆီး အတွက် အရေးပါတဲ့ ဂိုးတွေ ကို တောက်လျှောက် သွင်းယူပေးပြီး မြူးနစ်ဖိုင်နယ်မှာ လည်း အပြာရောင် ခြင်္သေ့တွေ ကို Feeling Blue ဖြစ်စေမယ့် အဖြစ် ကနေ ကယ်တင်ပေးနိုင် ခဲ့တယ်။ ဒါပေမယ့် နောက်နှစ် ဘောလုံး ရာသီတွေမှာ စတမ်းဖို့ဒ်ဘရစ်ခ်ျ ကွင်းကြီးထဲက မာန်ဝင့်ထည် လွန်း တဲ့ ခြင်္သေ့ အိုကြီးကို ပရိသတ်တွေ တွေ့မြင် ရတော့မှ မဟုတ် ပါဘူး။ ဒရော့ဂ်ဘာ ဟာ သူချစ်တဲ့ အသင်း အတွက် အောင်မြင်မှုတွေ ရှာဖွေပေးပြီးချိန်မှာ အသင်းကို ကျောခိုင်း ပါတော့မယ်။ ဒါပေမယ့် သူထား ရစ် ခဲ့တဲ့ အမှတ်တရ များစွာဟာ ချယ်လ်ဆီး အသင်းရဲ့ သမိုင်းမှာ၊ အပြာရောင် ပရိသတ်တွေရဲ့ နှလုံးသား မှာတော့ စွဲစွဲမြဲမြဲ ထင်ကျန်ရစ် ခဲ့ပါပြီ။ ချယ်လ်ဆီးမှာ ကစား ခဲ့တဲ့ (၈)နှစ်တာ ကာလ အတွင်း ပရီးမီးယားလိဂ် (၃)ကြိမ်၊ အက်ဖ်အေ ဖလား (၄)ကြိမ်၊ ကားလင်း ဖလား (၂)ကြိမ်နဲ့ ဥရောပ ချန်ပီယံလိဂ် (၁)ကြိမ် ဆွတ်ခူးနိုင် ခဲ့တယ် ဆိုတာ ကတော့ ဒရော့ဂ်ဘာ ကိုယ်တိုင် ရေးတဲ့ ခန့်ထည် တောက်ပ လွန်းလှတဲ့ သမိုင်းပဲ ဖြစ်ပါတယ်
ဘောလုံးသမား ဘဝ တစ်လျှောက် တိုင်းပြည် အတွက်ရော၊ ကလပ် အသင်း အတွက်ပါ တာဝန်ကျေပွန် ခဲ့တဲ့ ဒရော့ဂ်ဘာ ဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝကို အဆုံး မသတ်သေးပေမယ့် (၈)နှစ်ကြာ မေတ္တာမျှ ခဲ့တဲ့ စတမ်းဖို့ဒ်ဘရစ်ခ်ျ ကို စွန့်ခွာချိန် ရောက်ရှိလာ ခဲ့ပါပြီ။ ချယ်လ်ဆီး အသင်း အတွက် နောက်ဆုံး အချိန်မှာ အမြင့်မားဆုံး အောင်မြင်မှု ကို ဆွတ်ခူးနိုင် ခဲ့သလို၊ ငြိမ်းချမ်းရေး ပြန်လည် ရရှိရန် သူကိုယ်တိုင် ကြိုးပမ်းပေး ခဲ့တဲ့ အမိမြေ ကိုယ်စားပြု လက်ရွေးစင် အသင်း အတွက်လည်း အောင်မြင်တဲ့ နိဂုံး တစ်ခု ရေးထိုးနိုင် ပါစေ လို့ ဆန္ဒပြုရင်း နူးညံ့တဲ့ အပြာရောင် ခြင်္သေ့ တစ်ဖြစ်လဲ လိမ္မော်ရောင် ဆင်ကြီး ဒရော့ဂ်ဘာ ကို မှတ်တမ်းတင် ဦးညွှတ် လိုက်ရ ပါတော့တယ်။
-
ရေးသားသူ – စိုးမိုးခြင်း

0 comments:

Post a Comment