Wednesday, 9 May 2012

ချယ်ဆီးအသင်းသည် နွေရာသီ ဘောလုံးသမား အပြောင်းအရွှေ့ စတင်သည်နှင့် ဂျာမန်လက်ရွေးစင် ၀ါဒါဘရီမင်ကွင်းလယ်ကစားသမား မာကိုမာရင်အား လက်မှတ်ရေးထိုး ခေါ်ယူ

 ချန်ပီယံလိဂ်ဖိုင်နယ်ရောက် ချယ်ဆီးအသင်းသည် နွေရာသီ ဘောလုံးသမား အပြောင်းအရွှေ့ စတင်သည်နှင့် ဂျာမန်လက်ရွေးစင် ၀ါဒါဘရီမင်ကွင်းလယ်ကစားသမား မာကိုမာရင်အား လက်မှတ်ရေးထိုး ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပြီဟု ချယ်ဆီးလ်ဝက်ဆိုဒ်တွင် တရားဝင် ဖော်ပြသွားခဲ့သည်။

“အသက် ၂၃နှစ်သား ကွင်းလယ်ကစားသမားလေးနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု အပြင် ပြောင်းရွှေ့ကြေး လစာတွေအတွက်ပါ ကလပ်နှစ်ခုလုံးဟာ သဘောတူညီမှု ရသွားခဲ့ပါပြီ”ဟု ဖော်ပြသွားခဲ့သည်။

ပြီးခဲ့သည့် ဇန္န၀ါရီလတုန်းက မြို့ခံပြိုင်ဘက် တော့တင်းဟမ်းဟော့စပါးအသင်း၏ ချိတ်ဆက်ခြင်း ခံခဲ့ရသော အဆိုပါ အရပ် ၅ပေ ၆လက်မရှိ ဂျာမန်လက်ရွေးစင်နှင့် ပတ်သက်ပြီး ပြောင်းရွှေ့ကြေးကိုမူ ချယ်ဆီးမှ မဖော်ပြခဲ့ချေ။

ဘရီမင်ကလပ် ဒါရိုက်တာ ဖြစ်သူ ကလပ်စ်အော်လော့ဖ်ကလည်း “၀ါဒါဘရီမင်အတွက် စိတ်ဝင်စားဖို့ ကောင်းတဲ့ ကောင်းမွန်တဲ့ ကမ်းလှမ်းမှုနဲ့ဆိုရင် ဘယ်ကစားသမားကိုမဆို ခေါ်ယူနိုင်ဖို့ ကျွန်တော်တို့ဘက် တံခါးဖွင့်ထားပါတယ်လို့ ကျွန်တော်တို့ဘက်က အမြဲတမ်း ပြောခဲ့ဖူးပါတယ်။ လာမည့် သတင်းပတ် အနည်းငယ်အတွင်းမှာ ပုံမှန်အတိုင်းဘဲ စာချုပ်တစ်ခုကို ချုပ်ဆိုသွားဖို့ ရှိပါတယ်။ မာကိုကိုလည်း စိန်ခေါ်မှု အသစ်အတွက် အကောင်းဆုံးဖြစ်ပါစေလို့ ကျွန်တော်တို့က ဆန္ဒပြုပါတယ်။”ဟု ကြေငြာသွားခဲ့သည်။

မာကိုမာရင်သည် ယူဂိုဆလပ်ဗီးယားတွင် ၁၉၈၉ ခုနှစ်က ဖွားမြင်ခဲ့ပြီး ငယ်ရွယ်စဉ်မှာပင် ဂျာမဏီသို့ မိသားစုနှင့်အတူ ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။ 2009 ၀ါဒါဘရီမင်နှင့် မကစားခင်က မာရင်သည် Borussia Moenchengladbach ကလပ်တွင် ကစားခဲ့သေးသည်။

ကွင်းလယ်သာမက တောင်ပံများပါ ကစားပေးနိုင်သော မာရင်သည် ဘရီမင်အသင်းအတွက် ဘွန်ဒတ်လီဂါပွဲပေါင်း ၈၇ပွဲ ကစားပေးခဲ့ပြီး ၁၂ဂိုး သွင်းယူပေးထားသည်။ ဘိုင်ယန်မြူးနစ်အား အရေးနိမ့်ခဲ့သည့် ၂၀၁၀ ဂျာမန်ဖလားဖိုင်နယ်ပွဲတွင်လည်း ဘရီမင်အတွက် ပါဝင်ကစားပေးခဲ့သေးသည်။

ဂျာမန်လက်ရွေးစင်အဖြစ် ပွဲပေါင်း ၁၆ပွဲတိတိ ကစားပေးထားပြီး ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လူစားလဲအဖြစ် နှစ်ကြိမ်ပါဝင်ကစားခွင့် ရခဲ့သည်။

0 comments:

Post a Comment