Wednesday, 9 May 2012

နောက်တန်းနှင့် ဂိုးသမားအမှားများမှတစ်ဆင့် လီဗာပူးကို ၄-၁ဖြင့် ရှုံးနိမ့်ခဲ့သည့် ချယ်လ်ဆီး



ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ် ပွဲစဉ် ၃၇အဖြစ် လီဗာပူးအသင်းနှင့် အန်ဖီးမှာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ပါသည်။ ဒီမက်တီယိုသည် အသင်းမှ ကစားသမား တော်တော်များများကို အနားပေးထားပြီး အက်ဖ်အေဖလားပွဲတွင် ပါဝင်ကစားသွားသော ဆက်ခ်ျ၊ ကိုးလ်၊ ဘော့စင်ဝါ၊ လမ်းပတ်၊ မီခေးလ်၊ ကာလူး၊ မာတာ၊ ဒရော့ဘာတို့ မပါဝင်ပဲ ၈ယောက်တိတိ ပြောင်းလဲမှု ပြုလုပ်ခဲ့ပါသည်။ ချယ်လ်ဆီးအသင်းတွင် တမ်ဘူး၊ ဖာရဲယား၊ တယ်ရီ၊ အီဗန်နိုဗစ်၊ ဘားထရက်၊ ရိုမီယူ၊ အက်ဆီယန်၊ မာလူဒါ။ ရာမီယက်စ်၊ စတာရစ်ခ်ျ၊ တောရက်စ်တို့ ပါဝင်လာခဲ့သည်။

ပွဲချိန် ၁၇မိနစ်တွင် ချယ်လ်ဆီးအသင်းထောင့်ကန်ဘောရရာ အီဗန်နိုဗစ်မှ ခေါင်းတိုက်သွင်းသော်လည်း ဂိုးတိုင်ထိထွက်သွားတာကြောင့် ချယ်လ်ဆီးတို့ နစ်နာခဲ့သည်။ ၁၉မိနစ်တွင် ဆွာရက်စ်ညာတောင်ပံမှဆွဲပြေးပြီး အတွင်းသို့ပေးလိုက်ရာ အက်ဆီယန်နှင့် ထိမိပြီး လမ်းကြောင်းပြောင်း ဂိုးထဲဝင်သွားတာကြောင့် လီဗာပူးတို့ ပထမဂိုးစရသည်။ ၂၅မိနစ်တွင် တယ်ရီအမှားမှ တစ်ဆင့် လီဗာပူးတို့ ဒုတိယဂိုးရရှိသွားခဲ့သည်။ မက်ဆီ၏ ထိုးပေးမှုအား တယ်ရီချော်လဲရာမှတစ်ဆင့် ဟန်ဒါဆင် ရယူသွားပြီး သွင်းယူသွားခဲ့ခြင်းဖြစ်သည်။ ဆက်တိုက်ဆိုသလို လီဗာပူးအသင်း ထောင့်ကန်ဘောရရာ အက်ဂါက သွင်းယူသွားတာကြောင့် လီဗာပူးတို့ တတိယဂိုး ထပ်မံရရှိခဲ့သည်။ ၃၅မိနစ်တွင် ချယ်လ်ဆီးမှ တောရက်စ် လီဗာပူးနောက်တန်းတစ်ယောက်ကို ကျော်ဖြတ်ပြီး အပြင်းကန်သွင်းရာ တိုင်ထိထွက်သွားတာကြောင့် ချယ်လ်ဆီးတို့ ချေပဂိုးနှင့် ဝေးနေခဲ့သည်။ ပထမပိုင်း နာကျင်အချိန်ပိုတွင်လီဗာပူးမှ ပင်နယ်တီကန်ခွင့်ရခဲ့သည်။ အဆိုပါပင်နယ်တီကို ဒေါင်းနင်းကန်သွင်းရာ တိုင်ထိထွက်သွားတာကြောင့် ပထမပိုင်း မှာ လီဗာပူးတို့ ၃-၀ ဖြင့် ဦးဆောင်နေခဲ့သည်။
မိနစ်၅၀တွင် ချယ်လ်ဆီး ပြစ်ဒဏ်ဘောရရှိရာ မာလူဒါ ဖြတ်တင်ပေးမှုမှတစ်ဆင့် ရာမီယက်စ်မှ ချေပဂိုး တစ်ဂိုး သွင်းယူပေးခဲ့သည်။ ပွဲကစားချိန် ၆၀မိနစ်တွင် ချယ်လ်ဆီးဂိုးသမား တမ်ဘူး လူပေးမှားရာမှတစ်ဆင့် လီဗာပူးမှ ရှယ်ဗေး ရရှိသွားပြီး ဂိုးသမားမရှိသည့် ဂိုးပေါက်အား အဝေးမှ လှမ်းကန်သွင်းယူသွားခဲ့သည်။ ဒီမက်တီယိုအနေဖြင့် အရန်ခုံ၌ ကိုးလ်၊ လမ်းပတ်၊ မာတာ၊ ကာလူးတို့ ရှိသော်လည်း လူစားလဲခြင်းမပြုလုပ်တော့ပဲ လူကာကူကိုသာ အတွေ့အကြုံရအောင် လူစားလဲခဲ့သည်ကို တွေ့ရသည်။ လူကာကူဝင်လာပြီးနောက် အနီးကပ်ခေါင်းတိုက်သွင်းယူသော်လည်း ဂိုးသမား ရေနာ ကာကွယ်သွားတာကြောင့် ချယ်လ်ဆီးတို့ လီဗာပူးကွင်းမှာ ၄-၁ဖြင့် ရှုံးနိမ့်ခဲ့သည်။

ယနေ့ပွဲအရှုံးကို ကြည့်ခြင်းအားဖြင့် ဒီမက်တီယိုသည် မလိုအပ်ပဲ ကစားသမားများအနာမခံတော့သည်ကို တွေ့ရသည်။ အကယ်၍ ယနေ့အနိုင်ရရှိပါက အာဆင်နယ်နှင့် ၃မှတ်အလို၊ စပါးနှင့် ၂မှတ်၊ နယူးကာဆယ်နှင့် ၁မှတ်အလိုသို့ ပြန်ရောက်ရှိမည်ဖြစ်သော်လည်း တစ်ပွဲသာကျန်တော့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အဆိုပါ ၃သင်းထဲမှ ၂သင်းရှုံးမှသာ အဆင့်၎နေရာကို ရောက်ရှိမည်ဖြစ်တာကြောင့် သင်္ချာနည်းအရ ဖြစ်နိုင်သေးသော်လည်း လက်တွေ့မှာ မလွယ်တော့တာကြောင့် ပထမကစားသမားများကို အရန်အနေဖြင့်ပင် လူစားဝင်ခွင့် မပေးခဲ့သည်ကို တွေ့ရသည်။ ယနေ့ ပေးလိုက်ရသည့် ဂိုးများမှာ နောက်တန်းနှင့် ဂိုးသမား အမှားတို့မှ ဖြစ်ပြီး အက်ဆီယန်၊ တယ်ရီ၊ တမ်ဘူးတို့အမှားမှတစ်ဆင့် သုံးဂိုးပေးလိုက်ရခြင်းဖြစ်သည်။ သို့ပေမယ့် ချယ်လ်ဆီးအသင်းမှာ အရန်အင့်အား မတောင့်တင်းသည်ကို တွေ့ရသည်။  မာလူဒါ၊ စတာရစ်ခ်ျ၊ အက်ဆီယန် တို့ပါဝင်လာသည့် အလယ်တန်းမှာ ဘယ်လိုမှကို ဖန်တီးမှုမပြုလုပ်နိုင်သည်ကို တွေ့ရသည်။ အထူးသဖြင့် မာလူဒါနှင့် စတာရစ်ခ်ျတူတူပွဲထွက်လာသည့် ပွဲတော်တော်များများ ရုန်းကန်ရသည်ကို ဘိုအာ့စ်လက်ထက်တည်းကတွေ့ရသည်။
အက်ဆီယန်သည်လည်း နဂို အကောင်းဆုံးခြေမရှိတော့ပဲ နောက်တန်းညာတောင်ပံတွင်လည်း လက်ရှိအရန်များမှာ အားမကိုးရသည်ကိုတွေ့ရသည်။ ထို့ကြောင့် ချယ်လ်ဆီးအနေဖြင့် လာမည့်နှစ် ပရီးမီးယားလိဂ်ကို စိန်ခေါ်ချင်ပါက အရန်အင့်အားတောင့်တင်းအောင် လူထပ်မံဖြည့်တင်းဖို့ လိုအပ်နေသည်။ ချန်ပီယံစိန်ခေါ်ချင်လျင် ယခုလို ပွဲကျပ်ကာလမှာ ကစားသမား အင့်အား အလုံအလောက်ရှိနေဖို့ လိုအပ်သည်။ အဓိက၀ယ်ရမည်မှာ နောက်တန်းညာတောင်ပံဖြစ်ပြီး မာတာမကစားနိုင်ပါက သူ့နေရာကို အစားထိုးမည့် ကစားသမားတစ်ယောက်လဲ လိုအပ်နေသည်။ ထို့ပြင် အလယ်တန်းတောင်ပံအဖြစ် မာရင်ကို ခေါ်ယူထားပြီးဖြစ်သော်လည်း နောက်ထပ် အတွေ့အကြုံရှိ တောင်ပံတစ်ယောက်လောက် ထပ်ဝယ်ရန် လိုအပ်နေသေးသည်။ ဒီပွဲအရှုံးမှ သင်ခန်းစာယူနိုင်ပြီး နောက်ဆုံးပွဲ ဘလက်ဘန်းနှင့်ပွဲစဉ်အား ပီယာဇွန်၊ လူကာကူ၊ ဘမ်ဖို့ဒ်၊ ဖာရုဒ်တို့နှင့် စမ်းသပ်အသုံးပြုကာ မြူးနစ်ဖိုင်နယ်သို့ အကောင်းဆုံး ချီတက်နိုင်ရန် မျှော်လင့်လျက်..

0 comments:

Post a Comment