ချယ်လ်ဆီးကို ရုရှားသူဌေး အေဘရာမို
ဗစ်ခ်ျက (၂၀၀၄)ခုနှစ်မှာ လွှဲပြောင်း ရယူပြီးနောက် ဥရောပရဲ့ အောင်မြင်တဲ့
အသင်းတစ်သင်း ဖြစ်ဖို့ တည်ဆောက်ခဲ့တယ်။အကောင်းဆုံး မန်နေဂျာတွေကို ခေါ်ယူ
တာဝန် ပေးခဲ့တယ်။ ရာနီယာရီ၊ မော်ရင်ဟို၊ အေဘရမ် ဂရန့်၊ စကိုလာရီ၊
ဂုစ်ဟစ်ဒင့်၊ အန်ဆယ်လော့တီနဲ့ ဘိုအာ့စ်ဆိုတဲ့ နာမည်ကြီး မန်နေဂျာတွေဟာ
အသင်းပိုင်ရှင် မိုဗစ်ခ်ျရဲ့ အာသာ ဆန္ဒပြင်းပြ နေတဲ့ ချန်ပီယံလိဂ်
ဆုဖလားကို ချယ်လ်ဆီး အသင်းနဲ့ အတူ ရယူပေးဖို့ ကြိုးပမ်းနိုင်ခြင်း
မရှိခဲ့ကြပါဘူး။ ခုတော့ မန်နေဂျာ အဆက်ဆက် ပျက်ကွက်ခဲ့တဲ့ တာဝန်ကို
ယာယီနည်းပြ ရောဘတ်တို ဒီမက်တီယိုက
အောင်မြင်စွာ ဖြည့်စွမ်း ပေးနိုင်ခဲ့တယ်။
ဒီမက်တီယိုရဲ့ဇာတာ
ချန်ပီယံလိဂ် ပြိုင်ပွဲ ကွာတားဖိုင်နယ် (ပ-ကျော့) နာပိုလီကို အဝေးကွင်းမှာ အရေး နိမ့်ခဲ့ပြီးနောက် ဘိုအာ့စ်ကို ရာထူးက ထုတ်ပယ်ခဲ့တယ်။ မန်နေဂျာ အသစ် မခေါ်ဘဲ ဒီမက်တီယိုကို ရာသီကုန် အထိ ယာယီနည်း ပြအဖြစ်ထားခဲ့တယ်။ ကံတရားရဲ့ ဆန်းကြယ်မှုလား ဒီမက်တီယိုရဲ့ ဇာတာကြောင့်လား မရေရာပေမယ့် သူတာဝန် ယူပြီးနောက် ပိုင်းမှာ ချယ်လ်ဆီးရဲ့ ရလဒ်တွေတိုးတက် လာတယ်။ အသင်းသားတွေက သူတို့ မလိုလားတဲ့ ဘိုအာ့စ်ကို ပညာပါ ပါဖယ်ရှား လိုက်ပြီး ချယ်လ်ဆီးနဲ့ အစဉ်အလာ ရှိခဲ့တဲ့ ဒီမက်တီယိုကို စေတနာ ပိုခဲ့ကြတာလား၊ အကြောင်းတရားများစွာ ပေါင်းစုံလာခဲ့ပြီး သူတာဝန် ယူပြီးနောက်မှာ ချယ်လ်ဆီးဟာ နာပိုလီကို အိမ်ကွင်းမှာ ဂိုးပြတ် အနိုင်ရပြီး နှစ်ကျော့ပေါင်းရလဒ် (၅-၄)နဲ့ ဆီမီးဖိုင်နယ် အထိ တက်လှမ်းခဲ့ပါတယ်။
ဆီမီးဖိုင်နယ်မှာ ဥရောပနဲ့ ကမ္ဘာ့ အကောင်းဆုံး ဆိုတဲ့ ဘာစီလိုနာကို နှစ်ကျော့စလုံး မရှုံးအောင် (၂-၁)၊ (၂-၂)ရလဒ်တွေ နဲ့ ကျော်ဖြတ်ခဲ့တယ်။ ချန်ပီယံလိဂ်မှာ စပိန် ထိပ်သီး ရီးယဲလ်နဲ့ဘာကာ ဒါဘီပွဲ ဖြစ်မယ်လို့ ဟောကိန်း ထုတ်ခဲ့တဲ့ ဘောလုံး ဂုရုကြီးတွေ မျက်နှာပန်း မလှဖြစ်ခဲ့တယ်။ ဘာကာကို ချယ်လ်ဆီးက ဘယ်လို ကျော်ဖြတ်မှာလဲ ဆိုတဲ့ မေးခွန်းတွေကလည်း သူငယ်တန်း သင်္ချာပုစ္ဆာ ဖြစ်သွားတယ်။ နောက်ဆုံး ဗိုလ်လုပွဲမှာ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်ရဲ့ အလိုင်းယန့်စ်အာရီနာကွင်းဟာ ချယ်လ်ဆီးရဲ့ မျှော်လင့်ချက်တွေ ပျက်သုန်းမယ့် နေရာလို့ ခန့်မှန်းခဲ့ကြပေမယ့် တချို့ကတော့ ဘာစီလိုနာကို ကျော်ဖြတ်ခဲ့တဲ့ ချယ်လ်ဆီးရဲ့ ကစားဟန် ဘောလုံး အဖျက်ဝါဒ(Anti Football) ဟာ အဓိက လက်နက် ဖြစ်လာမယ်လို့ ခန့်မှန်း ခဲ့ကြပြန်တယ်။ ဘာစီလိုနာကို ချယ်လ်ဆီး ကျော်ဖြတ်နိုင်ခဲ့ပေမယ့် အကြီးအကျယ် နာမည် ပျက်ခဲ့တယ်။ လှပတဲ့ ဘောလုံး အားကစားကို ဖျက်ဆီးသူလို့ ကင်ပွန်းတပ်ကြတယ်။ ဒါဟာ ဒီမက်တီယိုရဲ့ ကောက်ကျစ် စဉ်းလဲတဲ့ ဗျူဟာလို့ တံဆိပ် ကပ်ကြတယ်။
ဘောလုံး အဖျက်ဝါဒ
ဒါပေမဲ့ ဆန်းစစ်ကြည့်တဲ့ အခါ ဘာစီလိုနာလို ဘယ်အသင်းမှ ဖြတ်ကျော်ဖို့ မလွယ်တဲ့ အသင်းကို အနိုင်ရမယ့် ဗျူဟာနဲ့ ရင်ဆိုင်ခဲ့တာလို့ ဆိုရမယ်။ Law of the game မှာ ခံစစ် ပိတ်ဆို့ပြီး မက စားရဘူးလို့ ပြဌာန်း မထားတဲ့ အတွက် အနိုင်ရမယ့် လက်နက်ကို သုံးခဲ့တာ မှားသလားလို့ စောဒက တက်သူတွေ ရှိပါတယ်။ တချို့က ဒုတိယ ကမ္ဘာစစ်အတွင်း အမေရိကန်ရဲ့ အနုမြူဗုံး သုံးစွဲသွားပုံနဲ့ နှိုင်းယှဉ် ဝေဖန်ခဲ့ကြသေးတယ်။ အီတလီက မူဆိုလီနီနဲ့ ဂျာမနီက ဟစ်တလာတို့ လက်နက် ချခဲ့ပေမယ့် ၀င်ရိုးတန်း နိုင်ငံတွေထဲမှာ ဂျပန် တစ်နိုင်ငံတည်းသာ ကျန်တော့တာမို့ မကြာခင် လက်နက်ချ ရတော့မယ် ဆိုတာ သိပါလျက်နဲ့ အမေရိကန်က ဘာကြောင့် ဟီရိုရှီးမားနဲ့ နာကာဆာကီ မြို့တွေမှာ အနုမြူဗုံး ကြဲခဲ့သလဲ။ အခုလည်း ချယ်လ်ဆီးရဲ့ ခံစစ်ပိတ်ဆို့ ကစားသွားပုံက အနိုင်ရဖို့ သေချာတဲ့ လက်နက်သုံးတဲ့ ပုံစံမျိုးလို့ ထောက်ပြသူတွေလည်း ရှိတယ်။
ဘယ်လိုပဲ ဖြစ်စေ ချယ်လ်ဆီးဟာ ဘာကာကို အနိုင်ရပြီး မြူးနစ်မြို့ ဗိုလ်လုပွဲမှာ ဘိုင်ယန်ကို တူတူတန်တန် တုံ့ပြန် ကစားပြီး ပင်နယ်တီနဲ့ အနိုင် ရသွားခဲ့ပါပြီ။ ဒါတင်မက ပြည်တွင်း အမှတ်ပေး ပြိုင်ပွဲမှာလည်း သူ့ လက်ထက်မှာ ရလဒ်ကောင်းအောင် စွမ်းဆောင်နိုင်ခဲ့တယ်။ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာလည်း အစဉ်အလာ ကြီးမားတဲ့ လီဗာပူးကို အနိုင်ယူ ဗိုလ်စွဲခဲ့တယ်။ ဒီလို စွမ်းဆောင်နိုင်မှုတွေဟာ အထက်မှာ ဆိုခဲ့ပါ အတိုင်း အရင်းခံ အကြောင်းတရား များစွာ ရှိနိုင်ပေမယ့် ဒီမက်တီယိုရဲ့ အသုံးများတဲ့ (၄-၅-၁)အခင်းအကျင်းက ချယ်လ်ဆီးအတွက် အကောင်း ဆုံး အလုပ်ဖြစ်ခဲ့တာလို့ ကောက်ချက် ဆွဲနိုင် ပါတယ်။
ကွင်းလယ်ဗဟို ပြုစုဖွဲ့မှု
သူ့အခင်းအကျင်းကြောင့် ကွင်းလယ် အင်အားတောင့်တင်းပြီး တိုက်စစ်ရော ခံစစ်မှာပါ လိုက်ပါ ကစားနိုင်ဖို့ အခွင့်အလမ်း ကောင်းတွေ ရစေခဲ့တယ်။ ချယ်လ်ဆီးရဲ့ ကွင်းလယ်ထိရောက်မှုကို ပိုမို မြင့်မားစေတယ်။ တိုက်စစ်မှာ အကြိမ်ကြိမ် ထိုးဖောက်စေခြင်းထက် အခွင့်အရေး ရလို့ တကယ် ထိုးဖောက်ပြီဆိုရင် ထိရောက်တဲ့ ဗျူဟာနဲ့ အကျိုးရှိရှိ အသုံးချတတ်တဲ့ သူ့ရဲ့ အကွက်စေ့စေ့ စီမံတတ်မှု၊ ဘောလုံး အသိအမြင် ကြွယ်ဝမှုနဲ့ ခက်ခဲတဲ့ ပွဲတွေ ရင်ဆိုင်ရသည့်တိုင် ပွဲကို စနစ်တကျ အကဲခတ် ဖတ်ရှုပြီး ခေါင်းအေးအေးနဲ့ တုံ့ပြန်တတ်မှုတွေဟာ ဒီမက်တီယိုရဲ့ အားသာချက်တွေလို့ သုံးသပ် နိုင်ပါတယ်။ ဒီအားသာချက်တွေကို စနစ်တကျ အသုံးချသွားနိုင်မှုက သူ့အတွက် လက်တွေ့ အကျိုးရှိစေခဲ့တယ်လို့ ဆိုရမှာပါ။
ဒါပေမဲ့ သူ့မှာ အားနည်းချက်လည်း ရှိတယ်။ အဲဒါက မန်နေဂျာအ တွေ့အကြုံ မပြည့်စုံမှုပါ။ အဆင့်မြင့် ပွဲတွေမှာ ဒီအနေအထားကို မကြာခဏ တွေ့ခဲ့ရတယ်။ သူ့ရဲ့နည်း ပြဘ၀မှာ အကောင်းဆုံး တက်လှမ်းမှုက ၀က်စ်ဘရွန်းကို (၂၀၀၉-၁၀)မှာ ပရီးမီးယား လိဂ်ရောက်အောင် ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပြီး သူ့ဘ၀မှာ အနိမ့်ဆုံး ဖြတ်သန်းရချိန်ဟာ (၂၀၀၉)တုန်းက အတန်းတက် ထပ်ကျော့ပွဲမှာ အမ်ကေဒွန်းအသင်းကို ပင်နယ်တီအ ဆုံးအဖြတ်ယူပြီး (၇-၆)နဲ့ရှုံးခဲ့ရတဲ့ အဖြစ်ကို မမေ့နိုင်ဘူးလို့ ဆိုပါတယ်။
သူဟာ ခေါင်းအေးတယ်၊ ပြိုင်ဘက်အသင်းကို သွေးအေးအေး နဲ့တုံ့ပြန်တတ်တယ် အဲဒီ့ အချက်တွေထဲမှာ သည်းခံ စိတ်ရှည်မှုလည်း ပါဝင်တယ်။ အသိ သာဆုံးက ဘာကာကို ပထမ အကျော့ရင် ဆိုင်ရာမှာ သူ့အသင်းသားတွေဟာ ကွင်းလယ်ကို လုံးဝ မတက်ဘဲ ဧရိယာထဲမှာ ခံစစ်ကို စေ့စေ့ပိတ်ပြီး စိတ်ရှည်ရှည် စောင့်ကစားခဲ့ပုံက ဒီအချက်ကို သိသာစေတယ်လို့ ဖွင့်ဟကြတယ်။
ဒီမက်တီယိုရဲ့ ဗျူဟာ
ဘာကာကို ခံစစ်နဲ့ ရင်ဆိုင်ခဲ့ပေမယ့် တကယ်တော့ ဒီမက်တီယိုဟာ တိုက်စစ် အဓိက ထားတတ်တဲ့ မန်နေဂျာမျိုးပါ။ အထက်မှာ တင်ပြထားခဲ့သလို (၅-၄-၁)အခင်းအကျင်းကို အကျိုးရှိရှိ ထိရောက်အောင် သုံးတယ်။ ကွင်းလယ်ကို လိုသလို ခိုင်းနိုင်အောင် အင်အားများများ စုဖွဲ့ထားတယ်။ ခံစစ်ရော၊ တိုက်စစ်ပါ ထပ်ကြပ်မကွာ လိုက်ပါစေတယ်။ ဒါကြောင့် သူတာဝန်ယူခဲ့တဲ့အ သင်းတွေမှာ ဂိုးသွင်းများတာတွေ တွေ့ရပါတယ်။ ဒီအချက်က သူဟာ တိုက်စစ် အသားပေးတယ် ဆိုတာ သိသာစေခဲ့တယ်။ ဒါပေမဲ့ ဘာကာနဲ့ ဆီမီးနှစ်ကျော့မှာတော့ ပြောစရာ ဖြစ်အောင် မျက်နှာပြောင်ခဲ့ရတယ်။
ဒီမက်တီယိုရဲ့ နောက်ထပ် ထူးခြားမှုက ပြိုင်ဘက်အသင်း လှုပ်ရှားမှုပေါ် မူတည်ပြီး လျင်မြန်တဲ့ တန်ပြန်တိုက်စစ်ကို ချက်ချင်း တုံ့ပြန်နိုင်ခြင်း ဖြစ်ပါတယ်။ ရန်သူကို အလစ်အငိုက် ဖမ်းတတ်တယ်။ ဒီအချက်က ဘာကာနဲ့ ဆီမီးနှစ်ကျော့မှာ ဒရော့ဘာ၊ ဖာနန် ဒိုတောရက်စ်တို့ တန်ပြန်တိုက်စစ်ကရသွား တဲ့ဂိုးတွေက သိသာစေပါတယ်။ သူဟာ ဒီလို တန်ပြန်တိုက်စစ် ဆင်ရာမှာလည်း အသေ အချာ စဉ်းစားပြီးမှ ဆုံးဖြတ်ချက် ချတာမို့ ဒီ အချက်တွေဟာ သူ့ရဲ့ အားသာချက်တွေ ဖြစ်ခဲ့ပါတယ်။
ဒီမက်တီယို ပုံရိပ်
သူ့ရဲ့ ကစားသမား ပုံရိပ်ဟာ ဆွစ်လိဂ်မှာ စတင်ခဲ့တယ်။ (၁၉၉၃)မှာ စီးရီးအေရဲ့ လာဇီယို အသင်းကို ရောက်တယ်။ ကစားဟန် ညက်ညောတဲ့ မက်တီယိုဟာ စီးရီးအေမှာ သူ့ကိုယ်သူ ထူထောင်နိုင်ခဲ့တယ်။ နည်းပြ ကြီး ဒင်းနစ်ဇီမန်းနဲ့ ပြဿနာ မဖြစ်ခင် အထိ လာဇီယိုမှာ အဆင်ပြေခဲ့တာပါ။ (၁၉၉၆)မှာ တော့ ထိုစဉ်က ချယ်လ်ဆီးရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်(၄ .၉)သန်းနဲ့ အင်္ဂလန်ကို ရောက်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ဘောလုံး အပေးအယူ သေသပ်မှု၊ အဝေး ဘောကန်ချက်တွေနဲ့ ဂိုးသွင်းနိုင်မှုတွေက သူ့ကိုထင် ပေါ်စေပြီး ကြယ်ပွင့် ကစားသမား အဆင့်မျိုး နဲ့ အသိအမှတ်ပြု ခံခဲ့ရတယ်။ သူဟာ ယခင် ကတည်းက အောင်မြင်မှုတွေ စတင် ရခဲ့သူလည်း ဖြစ်ပါတယ်။
စတမ်းဖို့ တံတားမှာ အက်ဖ်အေဖလား နှစ်လုံး၊ လိဂ်ဖလား တစ်လုံး၊ ယူအီးအက်ဖ် အေရှုံးထွက် ဖလားတစ်လုံးနဲ့ စူပါဖလားတစ်လုံး ဆွတ်ခူးခဲ့တယ်။ အီတလီ လက်ရွေးစင် အသင်းမှာ ပါဝင်ခဲ့ပြီး နိုင်ငံတကာပွဲ(၄၄)ပွဲ ကစားခဲ့တယ်။ ကွင်းလယ် ကစားသမားတစ်ဦး အနေနဲ့ နှစ်ဂိုးပဲ သွင်းနိုင်ခဲ့တာ အားမရစရာလို့ ဆိုရမှာပါ။ သူဟာ ကစားသမား ဘ၀မှာ အောင်မြင်မှု ရခဲ့သူဖြစ်ပြီး အီတလီ လက်ရွေးစင် အသင်းနဲ့ အတူ ယူရို-၉၆ ပြိုင်ပွဲနဲ့ (၁၉၉၈)ကမ္ဘာ့ဖလား ပြိုင်ပွဲတွေ နွှဲခဲ့ဖူးသူ ဖြစ်ပါတယ်။ ဆွစ်ကလပ်အသင်း စိန့်ဂါ ဇင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ယူအီးအက်ဖ်အေ ဖလား ပြိုင်ပွဲ တစ်ခုမှာ သူ့ခြေထောက်ရိုး သုံးပိုင်းကျိုးခဲ့ပြီးနောက် ဘောလုံးသမား ဘ၀က အနား ယူခဲ့ရတယ်။
ပရီးမီးယား အတိတ်ပုံရိပ်
ပရီးမီးယားလိဂ်ကို နည်းပြဘ၀နဲ့ စတင်ချိန်မှာ တာထွက်ခရီး လှပခဲ့တယ်။ ၀က်စ်ဘရွန်းနဲ့ ရာသီအစ(၅)ပွဲမှာ (၇)မှတ်ရခဲ့တယ်။ ဒီဇင်ဘာလ အထိ သူ့အတွက်ပန်း ခင်းလမ်းပါ။ အစောပိုင်း ပုံစံ သိပ်မကောင်း ပေမယ့် (၁၀)ပွဲမှာ (၁)ပွဲနိုင်ခဲ့တယ်။ ဒီရ လဒ်က ဘုတ်အဖွဲ့ရဲ့ ကျေနပ်မှု အတွက် လုံလောက်ခဲ့တယ်။ (၂၀၁၁)ဖေဖော်ဝါရီ(၅) ရက်မှာ မန်စီးတီးကို(၃)၈ိုးပြတ်ရှုံးပြီးနောက် သူ့ကို ၀က်စ်ဘရွန်းက ထုတ်ပယ်ခဲ့တယ်။ နောက်နှစ်နွေမှာတော့ ချယ်လ်ဆီးမှာဗီလာ ဘိုအာ့စ်ရဲ့ လက်ထောက်အဖြစ် ရောက်လာတယ်။ ဒီနောက်ပိုင်း သူ့ရဲ့ တက်လှမ်းမှုတွေ ကတော့ပစ္စုပန်ပုံရိပ်တွေ အဖြစ် အင်္ဂလန်ရဲ့ လန်ဒန်မြို့တော် အသင်းကို ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဖလားကြီး ဆွတ်ခူးနိုင်တဲ့ ပထမဆုံးအသင်း ဖြစ်အောင် စွမ်းဆောင် ပေး နိုင်ခဲ့ပါပြီ။
ရောဘတ်တိုဟာ မတုန်မလှုပ် ကျောက်တုရုပ် ပုံစံမျိုးပါ။ စိုးရိမ် ကြောက်ရွံ့ တတ်တဲ့ ပုံစံမျိုး မရှိသလို ဘယ်အရာကိုမှလည်း အလျင်စလို ကြံစဉ် လုပ်ကိုင်တာမျိုး မရှိပါဘူး။ ဆုံးဖြတ်ချက် ချရာမှာ လျင်မြန်ပေမယ့် အဲဒီဆုံးဖြတ်ချက်ဟာ လေးလေးနက်နက် စဉ်းစားပြီးမှ ချတာမျိုးပါ။ ဘောလုံးနဲ့ ပတ်သက်လာရင် အလေးအနက်ထား စဉ်းစားတယ်။ ဥာဏ်ရည် ထက်မြက်တယ်။ ဘာသာစကား(၅)မျိုး တတ်ကျွမ်းတယ်။ အဲဒီ အချက်တွေက သူ့အတွက် ကောင်းကျိုး ဖြစ်စေခဲ့တယ်။ ချယ်ဆီးအတွက် အက်ဖ်အေ ဖလားနဲ့ ချန်ပီယံလိဂ်ဖလား နှစ်လုံးကို (၃) လအတွင်း ရယူပေးသွားတဲ့ ယာယီမန်နေဂျာ တစ်ယောက်ရဲ့ အဖြစ်ဟာ မှတ်တမ်းတင် ထိုက်ပါတယ်လို့ ဆိုပါရစေ . . .
မှတ်ချက်။ ။ SM Journal Vol.1 No.31 မှ ဆောင်းပါးအား ပြန်လည်ဖော်ပြပေးထားခြင်း ဖြစ်ပါသည်။
0 comments:
Post a Comment