ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ၀ီဂန်အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဟာဇက်ရဲ့
ခြေစွမ်းပြမှုနဲ့(၂)ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်အဖွင့်ပွဲတွင် (၁၄)ရာသီတလျောက် ရှုံးပွဲမရှိစံချိန်ကို
ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ၀ီဂန်အသင်းကလည်း မနှစ်ကအိမ်ကွင်းမှာ ချယ်လ်ဆီး၊ လီဗာပူး
အသင်းတွေကိုသရေ၊ မန်ယူ၊ နယူးကာဆယ်အသင်းတွေကို အနိုင်ကစားခဲ့အသင်းဖြစ်လို့ အိမ်ကွင်း
မှတ်တမ်းကောင်းပိုင်ဆိုင်ထားတဲ့အသင်းပါ။ ဒီပွဲမှာ ဒီမက်တီယိုက မန်စီးတီးနဲ့ကစားခဲ့စဉ်က သုံးခဲ့တဲ့
ကစားကွက်၊ လူအခင်းအကျင်းကို ပြောင်းလဲထားတာကိုတွေ့ရပါတယ်၊ ဂိုး ပီတာချက်၊ နောက်တန်းမှာ
အီဗန်နိုဗစ်၊ လူးဝစ်၊ တယ်ရီ၊ ကိုးလ်တို့နဲ့မပြောင်းလဲပေမယ့် ကွင်းလယ်အဖျက်မှာ မီးခေးလ်၊ လမ်းပတ်တို့ကို
ဆင်းကူဖို့ဘားထရန့်ကိုပွဲချိန်ပြည့်သုံးခဲ့ပြီး ကွင်းလယ်တိုက်စစ်မှာ မာတာကိုညာတောင်ပံ၊ ဟာဇက်ကို
တိုက်စစ်မှူးတောရက်စ်နောက်မှာ ထားကစားခဲ့ပါတယ်။ မာတီနက်ဇ်ကတော့ ၃-၄-၃ ပုံစံနဲ့ ရှေ့တန်းမှာ ချယ်လ်ဆီးနဲ့ချိတ်ဆက်နေတဲ့ မော့ဆက်၊ ဒီဆန်းတို့စ်၊ မာလိုနီတို့နဲ့ တိုက်စစ်ဦးစားပေး ကစားခဲ့ပါတယ်။
ပွဲစစချင်း(၁)မိနစ်ကျော်မှာပဲ ချယ်လ်ဆီးအသင်းရဲ့ဧရိယာထိပ်ကနေ ပျက်လာတဲ့ဘောလုံးကနေတစ်ဆင့်
မာတာရသွားပြီး ဟာဇက်ကိုထိုးပေးလိုက်ပါတယ်၊ အဲ့ဒီအချိန်မှာ တောရက်စ်၊ အီဗန်နိုဗစ်တို့ဟာ ပြေးထွက်
ဖို့အဆင်သင့်ဖြစ်နေလို့ ဟာဇက်က တစ်ချက်လှည့်ထွက်ပြီး အီဗန်နိုဗစ်ကို ထိုးပေးလိုက်ရာမှာ ဆွဲပြေးပြီး
ဝီဂန်ဂိုးသမား ညာဘက်ကို အပြင်းကန်သွင်းပြီး ဂိုးစရခဲ့ပါတယ်။ ဆက်တက်ဆိုသလိုပဲ ချယ်လ်ဆီးရဲ့
လျင်လျင်မြန်မြန်ကစားကွက်တွေကြောင့် (၅)မိနစ်ကျော်မှာ ဒုတိယဂိုးထပ်ရသွားပါတယ်၊ ၀ီဂန်အသင်း
ကစားကွက်တည်မရဖြစ်နေတုန်း ဟာဇက်ကိုပြစ်ဒဏ်ကျူးလွန်မိတာကြောင့် ချယ်လ်ဆီးအသင်း ပင်နယ်တီ
ရတာကို လမ်းပတ်ကန်သွင်းပြီး ရယူခဲ့တာပါ၊ ဒီဂိုးဟာ လမ်းပတ်ရဲ့ ပရီးမီးယားလိဂ်(၁၂၇)ဂိုးမြောက်ဖြစ်ပါတယ်။
ချယ်လ်ဆီးရတဲ့ဂိုး(၂)ဂိုးဟာ ဒီပွဲရဲ့ Man of the Match ရခဲ့တဲ့ဟာဇက်ရဲ့ ခြေစွမ်းပြမှုကြောင့်ဆိုရင် မမှားပါဘူး။
(၂)ဂိုးပေးပြီးတဲ့နောက် ၀ီဂန်ရဲ့ကစားပုံဟာ တော်တော်ကောင်းလာပါတယ်၊ အိမ်ကွင်းမာကျောတဲ့အသင်းပီပီ
တိုက်စစ်ကို အသားပေးကစားခဲ့တာကြောင့် ချယ်လ်ဆီးအသင်း ခံစစ်ဖြစ်သွားပါတယ်၊ အထူးသဖြင့်
မော့ဆက်ဟာ ချယ်လ်ဆီးနောက်တန်းအတွက် ခေါင်းခဲစရာပါ၊ ဒါပေမယ့် သူနဲ့တွဲကစားနေတဲ့ ဒီဆန်းတို့
မာလိုနီ၊ ဖီဂါရီယိုတို့ ခြေစွမ်းမပြနိုင်လို့ ထိရောက်တဲ့ တိုက်စစ်မရှိခဲ့ပါဘူး၊ (၁၀)မိနစ်မှာ ဒီဆန်းတို့ရဲ့ခေါင်းတိုက်
ချက်နဲ့(၃၇)မိနစ်မှာ မော့ဆက်ရဲ့ ကန်ချက်ကို ပီတာချက်ပုတ်ထုတ်နိုင်တာကလွဲလို့ ခြိမ်းခြောက်နိုင်တဲ့ ဂိုးပေါက်
တည့်ကန်သွင်းချက်တွေမရှိခဲ့ပါဘူး။ ချယ်လ်ဆီးအသင်း တန်ပြန်တိုက်စစ်ကိုလည်း ၀ီဂန်ကသတိထားပြီး
ထိန်းသွားပါတယ်။

ဒုတိယပိုင်းမှာတော့ ချယ်လ်ဆီးအသင်းက ကွင်းလယ်မှာဘောလုံးကိုကိုင်ကစားပြီး ၀ီဂန်အသင်းရဲ့တိုက်စစ်
အရှိန်ကို ချလိုက်ပါတယ်၊ ဒါပေမယ့်လည်း မော့ဆက်ကတော့ ပထမပိုင်းမှာလိုပဲ ချယ်လ်ဆီးနောက်တန်းကို
ဖောက်ထွက်လာနိုင်တုန်းပါ၊ ဂိုးရဖို့အခွင့်အရေးကတော့ နှစ်သင်းလုံးရခဲ့ပြီး ပီတာချက်နဲ့ တစ်ဦးချင်းအတွေ့
ဒီဆန်းတို့ရဲ့ ကန်ချက်မ၀င်ခဲ့သလို တောရက်စ်ရဲ့ ကန်ချက်ကိုလည်း ၀ီဂန်နောက်တန်းက ဂိုးစည်းမကျော်မီ
ဖြတ်ထုတ်နိုင်ခဲ့ပါတယ်။ (၆၂)မိနစ်မှာ ချယ်လ်ဆီးပရိတ်သတ်တွေမျှော်လင့်နေတဲ့ အော်စကာက ဟာဇက်
အစားဝင်ကစားခဲ့ပါတယ်၊ သူ့အတွက် ပရီးမီးယားလိဂ်ပထမဦးဆုံးပွဲဖြစ်ပေမယ့်လည်း ကြောင်မနေဘဲ
အသင်းနဲ့အံဝင်ခွင်ကျကစားနိုင်တာကို တွေ့ရပါတယ်၊ အီဗန်နိုဗစ်အပိုင်မကန်ဖြစ်လို့ပျက်သွားတဲ့ ဂိုးဖန်တီး
မှုကို ပြုလုပ်ပေးနိုင်တဲ့အပြင် ကိုယ်တိုင်လည်း ဂိုးရဖို့လည်း နီးစပ်ခဲ့ပါသေးတယ်၊ (၆၈)မိနစ်မှာတောရက်စ်
ခေါင်းတိုက်ချပေးတဲ့ဘောလုံးကို ဆွဲပြေးပြီး ဂိုးသမားညာဘက်ကန်သွင်းချက် အနည်းငယ်လွဲချော်သွားလို့ပါ၊
ဝီဂန်အသင်းလည်း အပိုင်အခွင့်အရေးတစ်ကြိမ်ကို ဂိုးမက်ဇ်ဖြုန်းတီးခဲ့လို့ ပထမအပိုင်းရလာဒ်နဲ့ပဲ ပြီးဆုံးသွား
ပါတယ်။
ပွဲကို ခြံငြုံသုံးသပ်ရပါက ရာမီးရက်စ်ဒဏ်ရာရနေတဲ့အတွက် မာတာကို ညာတောင်ပံထွက်ကစား၊ ဘားထရန့်ကို
ဘယ်တောင်ပံမှာ ကစားခဲ့တဲ့ ဒီမက်တီယိုရဲ့ ကစားကွက်အလုပ်ဖြစ်ခဲ့တယ်လို့ပြောရပါမယ်၊ ဟာဇက်၊ မာတာ
အတွဲမိပြီး ခြေစွမ်းပြခဲ့သလို အော်စကာ၊ မာတာအတွဲဟာလည်း စိတ်ဝင်စားစရာကောင်းပါတယ်၊ ဟာဇက်နဲ့
အော်စကာဟာ ကစားပုံဆင်ပေမယ့် တကယ်တော့မတူပါဘူး၊ အော်စကာက ပံ့ပိုးမှုကိုပိုအားသန်ပြီး ဟာဇက်
ကတော့ ဂိုးသွင်းဖို့ပါ အားသန်ပုံရပါတယ်၊ (၃)ယောက်စလုံးတစ်ပြိုင်နက်တည်း သုံးရင်တော့ ကွင်းလယ်ခံစစ်
ကူဖို့တော့ စဉ်းစားရပါမယ်၊ ဘားထရန့်ကတော့ လူငယ်ပီပီမမောနိုင် မပန်းနိုင်တစ်ကွင်းလုံး အဖျက်ကစားနိုင်တာ
လမ်းပတ်၊ မီခေးလ်၊ ကိုးလ်တို့အတွက် အထောက်အကူအများကြီးရခဲ့ပါတယ်။
အားနည်းချက်တွေဖြစ်တဲ့မနှစ်ကလိုပဲ ဂိုးရပြီးပါက ကစားအားချလိုက်တာ၊ တည်ကန်ဘောတွေ မလိုအပ်ဘဲ
ပေးရတာ (ဒီပွဲမှာ ထောင့်ကန်ဘော ၆ ကြိမ်အထိပေးခဲ့ရပါတယ်)တွေကိုတော့ ပြုပြင်ရပါဦးမယ်၊ ဒီပွဲမှာတောရက်စ်
ကို သာမန်ကြည့်ပါကခြေစွမ်းပုံမှန်ဆိုပေမယ့် ပွဲအပြီး ဝေဖန်သုံးသပ်သူ -Commentators တွေကတော့
တောရက်စ်ဟာ မနှစ်ကလိုသူများကိုဖန်တီးပေးတာထက် ကိုယ်ကိုတိုင် တာဝန်ယူလှုပ်ရှားတဲ့ပုံစံပြောင်းလာပြီး
တိုးတက်လာတယ်ဆိုပြီး ဒီပွဲမှာသူရဲ့လှုပ်ရှားပုံတွေကို တစ်ခုချင်းစီပြပြီး သုံးသပ်ကြပါတယ်။ ဘာပဲပြောပြော
ဝီဂန်လိုအိမ်ကွင်းမာတဲ့အသင်းမှာ (၂)ဂိုးပြတ်နိုင်ခဲ့တာ၊ ပေးဂိုးမရှိတာ၊ လူသစ်တွေနဲ့စမ်းသပ်မှု အောင်မြင်တာ၊
စနေနေ့မှာကစားခဲ့တဲ့ အသင်းကြီးတွေနဲ့ (၂)မှတ်(သို့)(၃)ပြတ်ရရှိခဲ့တာ၊ စတဲ့အချက်တွေကြောင့် ချယ်လ်ဆီး
အသင်းရဲ့ရာသီအဖွင့်ဟာ လှပခဲ့တယ်လို့ ပြောရပါမယ်။ ပွဲစဉ် ( ၁ ) ၀ီဂန် vs ချဲလ်စီး ဟိုက်လိုက်ကြည့်ရန် ဒီနေရာကို ကလစ်လိုက်ပါ
0 comments:
Post a Comment